အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီး တာဝန် ယူခဲ့တဲ့ ဦးဖေမြင့်ဟာ စစ်ကောင်စီရဲ့ အကျယ်ချုပ်ကနေ မနေ့ကပဲ ပြန်လည် လွတ်မြောက် လာတယ်လို့ သူနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက RFA ကို ပြောပါတယ်။
“မနေ့က နေပြည်တော်ကနေ ပြန်ရောက်လာတာ ဟုတ်ပါတယ်။ စစ်ကောင်စီကပေးတဲ့ သီရိပျံချီဘွဲ့ ပေးတာမှာလည်း ပါလာတဲ့နောက်ပိုင်း အခုလို ပြန်လွတ်လာတာပါ”
ဦးဖေမြင့်ဟာ စစ်တပ်အာဏာသိမ်းပြီးပြီးချင်း အဖမ်းခံရပေမယ့် ပုဒ်မတပ် အရေးယူခံရ တာမရှိဘဲ နေပြည်တော်က စစ်ဌာနချုပ်တစ်ခုမှာ အကျယ်ချုပ်အဖြစ် တစ်နှစ်ခွဲခန့် နေခဲ့ ရပါတယ်။
စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဦးဖေမြင့်ကို ပြန်လွှတ် ပေးလိုက်တာ မှန်ကန်တယ်လို့ RFA ကို အတည်ပြုပါတယ်။
ဦးဖေမြင့်ကို ၂၀၁၆ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပြည်ထောင်စု ဝန်ကြီးအဖြစ် သမ္မတဦးထင်ကျော်က အဆိုပြုပေးခဲ့တာဖြစ်ပြီး မတ်လ ၂၄ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပါတယ်။
စာရေးဆရာလည်းဖြစ်တဲ့ ဦးဖေမြင့်ဟာ ဝန်ကြီးမဖြစ်ခင် စာအုပ်ပေါင်း ၄၀ ခန့် ရေးသား ထုတ်ဝေခဲ့ပြီး MBBS ဘွဲ့ရ ဆရာဝန်တစ်ဦးလည်း ဖြစ်ပါတယ်။
ဦးဖေမြင့်လိုပဲ ပြန်ကြားရေး ဒုတိယဝန်ကြီးဖြစ်သူ သတင်းစာဆရာဟောင်း ဦးအောင်လှ ထွန်းကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံခဲ့ရပေမယ့် ဦးဖေမြင့်ထက်အရင် လွတ်မြောက်လာခဲ့ပါတယ်။
စစ်ကောင်စီကပေးတဲ့ သီရိပျံချီဘွဲ့ရသူတွေထဲမှာ NLD အစိုးရလက်ထက် ပြန်ကြားရေး ဝန်ကြီး ဦးဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဟန်ဇော်တို့လည်း ပါဝင်ပါတယ်။