မင်းကွန်းနဲ့ ရှားရောင်းရွာမှာ နေအိမ် သုံးဆယ်ကျော် မီးရှို့ခံရ

RFA Burmese
2024.07.24
မင်းကွန်းနဲ့ ရှားရောင်းရွာမှာ နေအိမ် သုံးဆယ်ကျော် မီးရှို့ခံရ စစ်ကိုင်းမြို့နယ် မင်းကွန်းရွာရှိ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အချို့ကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားစဉ်။
Wetlet Informational Network

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မင်းကွန်းရွာနဲ့ ရှားရောင်းရွာကို ဇူလိုင်လ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်သားတွေ စီးနင်းပြီးနောက် နေအိမ် သုံးဆယ်ကျော် မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ ၂၃ ရက် မနက်ပိုင်းက မင်းကွန်းရွာ လမ်းမပေါ်မှာ စစ်ကောင်စီ ရဲတပ်ဖွဲ့တစ်ဦးနဲ့ ပျူစောထီးအဖွဲ့ဝင် တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေ မင်းကွန်းနဲ့ ရှားရောင်းရွာတွေ စီးနင်းခဲ့တာပါ။

အဲဒီနောက် မင်းကွန်းပုထိုးတော်ကြီးအနီးက နေအိမ်နဲ့ ဆိုင်ခန်းတွေ၊ မြသိန်းတန်ဘုရားဘေးက နေအိမ်နဲ့ ဆိုင်ခန်းတွေလည်း မီးရှို့ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီ့အပြင် စစ်ကြောင်းလာချိန် ထွက်ပြေးခွင့်မရတဲ့ အရပ်သား လေးဆယ်နီးပါးလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းကွန်းရွာခံတစ်ဦးကတော့ ကာကွယ်ရေးတပ်ဖွဲ့တွေ ရွာထဲ ဝင်ပြေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ်တွေ မီးရှို့ပြီး အရပ်သားတွေကို ဖမ်းဆီးသွားလို့ RFA ကို ပြောပါတယ်။

“အပြန်အလှန်ပစ်ကြ ခတ်ကြရင်းနဲ့ PDF တွေက ရွာထဲ ပြေးသွားတယ်လို့ ပြောတာပေါ့။ ရှာကြတာပေါ့။ ကျွန်တော် သိသလောက်ကတော့ မင်းကွန်း (တောင်) ရွာဘက်က မီးရှို့ခံရတဲ့အိမ်က သားအမိ သားအဖ သုံးယောက်ရယ်၊ မင်းကွန်း (မြောက်) ရွာထဲက အိမ်လည်း မီးရှို့ခံရတဲ့ ကျွန်တော့်အသိ အမျိုးသမီးတစ်ဦးလည်း ဖမ်းသွားတယ်။ နေ့ပိုင်းရောက်တော့ ရှားရောင်းရွာကို ဆက်သွားတာ”

ဖမ်းဆီးခံရသူတွေကို မင်းကွန်းတိုက်နယ် ရဲစခန်းမှာ ချုပ်နှောင်ထားပြီး ဒီကနေ့မနက်အထိ အဆက်အသွယ် မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFAက ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

မင်းကွန်းရွာဟာ စစ်ကိုင်းမြို့မြောက်ဘက် ဧရာဝတီမြစ်အနောက်ဘက်ကပ်ရပ်က အိမ်ခြေ တစ်ထောင်ကျော်ရှိတဲ့ တိုက်နယ်အဆင့်ရှိ ရွာကြီးတစ်ရွာဖြစ်ပြီး ရှားရောင်းရွာက အိမ်ခြေ နှစ်ရာကျော်ရှိတယ်လို့ ဆိုပါတယ်။

ကမ္ဘာကျော် မင်းကွန်းခေါင်းလောင်းကြီး တည်ရှိတဲ့ မင်းကွန်းရွာကို စစ်ရေးအခြေအနေတွေကြောင့် လွန်ခဲ့တဲ့ နှစ်လခန့်ကစပြီး ခရီးသွားဧည့်သည်တွေ မလာကြတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။