တပ်ကဖမ်းသွားတဲ့ မွန်ပြည်နယ် ဝန်ကြီး သုံးဦး ပျောက်ဆုံးနေ

စစ်တပ် အာဏာသိမ်းတဲ့ညက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ မွန်ပြည်နယ် ဝန်ကြီး သုံးဦးကို အခုအချိန်ထိ ဆက်သွယ်လို့မရဘဲ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
အဲဒီနေ့ညက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့ကို စစ်တပ်က ပြန်လွှတ်ပေးလိုက်ပြီးနောက် လက်ရှိ အစိုးရဝန်ထမ်းအိမ်ရာမှာ နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတာပါ။
ဒါပေမဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်း၊ လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်းနဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးရွှေမြင့်တို့ သုံးယောက်ကတော့ ဒီနေ့ စစ်အာဏာသိမ်းတဲ့ သုံးရက်မြောက်နေ့အထိ အဆက်အသွယ်မရသေးဘူးလို့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောပါတယ်။
“သတင်းရထားတာကတော့ သုံးယောက်လောက် ကျန်သေးတယ်။ ဒါပေမဲ့ ဒီမနက်အထိတော့ ဘာမှမသိရသေး” လို့ ဒေါက်တာ အေးဇံက RFA ကိုပြောပါတယ်။
အစိုးရ ဝန်ကြီးအိမ်ရာမှာ နေအိမ်အကျယ်ချုပ် ချုပ်ခံထားရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဒေါက်တာ အေးဇံက “အခုကတော့ အပြင်ထွက်လို့တော့ မရဘူး။ အိမ်ထဲမှာပဲ နေရတယ်”လို့ ပြောပါတယ်။
သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်း မိသားစုဝင်နဲ့ နီးစပ်သူတွေကလည်း သူတို့နဲ့ အဆက်အသွယ်မရသေးဘူးလို့ ပြောပါတယ်။
မွန်ညီညွတ်ရေးပါတီတာဝန်ရှိသူတစ်ဦးကလည်း “စုံစမ်းကြည့်သလောက်တော့ မနေ့က ညနေအထိတော့ ပြန်မရောက်သေးဘူးလို့ သိထားတယ်။ ဒီမနက်အထိ ဆက်သွယ်ကြည့်တယ်။ အခုထိ ဆက်သွယ်လို့မရသေးဘူး”လို့ ပြောပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက တပ်က အာဏာသိမ်းလိုက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းနဲ့ပြည်နယ် အသီးသီးက ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို ဖမ်းဆီးခဲ့ပြီးနောက် အစိုးရဝန်ထမ်းအိမ်ရာတွေမှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတာဖြစ်ပါတယ်။