မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ထောင်ခုနစ်နှစ်ချခံရ

မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ မသဲစုနိုင် (ခ) မဂျူးကို ဩဂုတ်လ ၂၉ ရက် မနေ့က မိတ္ထီလာတရားရုံးကနေ ပုဒ်မ ၅၂ (က) နဲ့ ထောင်ခုနစ်နှစ် ချ မှတ်လိုက်တယ်လို့ မသဲစုနိုင်ရဲ့ မိသားစုဝင် တစ်ဦးက RFA ကို ပြောပါတယ်။

အသက် ၂၄ နှစ်အရွယ် မသဲစုနိုင်ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၂ ရက်နေ့က သူ့ရဲ့နေအိမ်မှာ ပဲ စစ်ကောင်စီ တပ်သားတွေက သေနတ်ပစ်ဖောက် ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် ကိုးလ ကြာ အမှုရင်ဆိုင်နေရတာပါ။

မသဲစုနိုင်ဟာ မိတ္ထီလာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သလို အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပါဝင်ထားတဲ့ ကျောင်းဆရာမတစ်ဦးလည်း ဖြစ်ပါ တယ်။

အဖမ်းခံရချိန်ကနေ အမှုဖွင့်ခံရပြီး တရားရင်ဆိုင်ရအချိန်အထိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ခေါင်းဆောင်ပိုင်းလို့ စစ်ကောင်စီဘက်က စွပ်စွဲပြီး အကြမ်းဖက်ပုဒ်မနဲ့ တရားစွဲဆို ထောင်ချလိုက်တာလို့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“တရားမျှတမှုတော့ မရှိဘူးပေါ့။ ညီမလေးက သာမန်ကျောင်းဆရာမပါ။ PDF ခေါင်း ဆောင်လည်း မဟုတ်ဘူး။ အခုချတဲ့ ပြစ်ဒဏ်ကတော့ ညီမလေးအတွက် ပြင်းထန်တာ ပေါ့။ အယူခံဝင်သွားဖို့တော့ ရှိတယ်။ ဒါပေမဲ့ စီစဉ်ထားတာတွေတော့ မလုပ်ရသေးဘူး။ ညီမလေးကို အိမ်ကို အမြန်ဆုံး ပြန်ရောက်စေချင်တယ်”

အဖမ်းခံရချိန်က ကျိုးသွားခဲ့တဲ့ ခြေထောက်လည်း အခုထိ မသက်သာသေးဘဲ ဆေးဆက် ကုနေရတာကြောင့် မိသားစုဝင်တွေအနေနဲ့ စိတ်ပူနေရတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ စာရင်းတွေအရ စစ်တပ် အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့ထိ အဖမ်းခံထားရသူ စုစုပေါင်း ၁၂,၁၇၁ ဦးရှိပြီး အဲဒီအထဲက ၁၄၁၀ ဦးကတော့ ထောင်ချခံထားရပါတယ်။