ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် လုံဂျီးဒေသအရှေ့ဘက်မှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တို့ မြေပြင်တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်တပ်ဘက် က တိုက်လေယာဉ်နဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့ ပြန်ကြားရေးဌာနက ဖေဖော်ဝါရီ ၁၅ ရက် ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်းမှာ ကိုးကန့်တပ်ဖွဲ့က တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့သလို စစ်ကောင်စီတပ်ဘက်က ရှစ်ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက် မနေ့ကလည်း စစ်ကောင်စီတပ်ဘက်က ကိုးကန့်တပ်ဖွဲ့တွေ တပ်စွဲထားတဲ့ မုံးကိုးမြို့နယ် မန်ရန်းတပ်စခန်းနဲ့ ရှီကျိကျတပ်စခန်းတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ပေမယ့် အကြောင်းမပြန်သေးပါဘူး။
ပြီးခဲ့တဲ့နှစ် ဩဂုတ်လကတည်းက ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့် တပ်တို့ တိုက်ပွဲတွေ တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားလာပြီး ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
အဲဒီတိုက်ပွဲတွေကြောင့် မုံးကိုးနဲ့ ပန်ဆိုင်းဒေသ၊ ဖောင်းဆိုင်ဒေသတွေမှာ ဒေသခံ နှစ်ထောင်ကျော်ဟာ ဒီနေ့အထိ နေရပ်စွန့်ခွာနေရဆဲဖြစ်ပြီး စားသောက်နေထိုင်ရေးနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေ က ပြောပါတယ်။