ကွမ်းလုံမြို့နယ်မှာ MNDAA လူသစ်စုဆောင်းနေတာကြောင့် ရွာသားငါးရာကျော် ထွက်ပြေးတိမ်းရှောင်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ်မှာ MNDAA အဖွဲ့က လူသစ် စုဆောင်းနေတာကြောင့် ကျေးရွာ ၄ ရွာက မြောင်ဇီ တိုင်းရင်းသား ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ကွမ်းလုံမြို့နယ်၊ ကျန်ကြာကြိုင်းကျေးရွာ၊ ကြူကော်ယွင်းကျေးရွာ၊ ဟိုပုံကျေးရွာ၊ မန်ဟွယ်ကျေးရွာနဲ့ ညိုချန်းကျေးရွာမှာ နေထိုင်တဲ့ မြောင်ဇီတိုင်းရင်းသားတွေဟာ ဟိုလီကျေးရွာကို ထွက်ပြေးလာကြတာလို့ ဟိုလီ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်စိန် က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့လောက်က MNDAA အဖွဲ့က ရွာသား ၁၄ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး အဲဒီအထဲက ၄ ဦးက ထွက်ပြေးလွတ်မြောက်လာကာ ၂ ဦးက ကျန်းမာရေးမကောင်းတာကြောင့် MNDAA က ပြန်လွှတ်ပေးခဲ့တာရှိသလို ကျန်ရှိတဲ့ ၈ ဦးကိုတော့ ဒီနေ့အချိန်ထိ ပြန်လွှတ်မပေးသေးဘူးလို့ သိရပါတယ်။

ဒီထွက်ပြေးလာတဲ့ မြောင်ဇီတိုင်းရင်းသား ၅၀၀ ကျော်ကို ဟိုလီကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၊ စာသင်ကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်း စတဲ့နေရာ ၄ ခုမှာ နေရာချပေးထားပြီး သူတို့ကို ကွမ်းလုံမြို့နယ် အုပ်ချုပ်ရေးအဖွဲ့၊ ကွမ်းလုံမှာရှိတဲ့ တပ်မတော်နဲ့ အရပ်ဘက်အဖွဲ့တွေက ဝိုင်းဝန်းကူညီထားတယ်လို့ သိရပါတယ်။

အလားတူ TNLA ကလည်း ဇန်နဝါရီလ ၄ ရက်နေ့က နမ့်ခမ်းမြို့နယ်အတွင်း ဒေသခံ ကျေးရွာသူ၊ ရွာသား စုစုပေါင်း ၁၈ ဦးကို ဘိန်းစိုက်ပျိုးတယ်ဆိုတဲ့ အကြောင်းပြပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

စစ်တိုင်း ၅ ခုမှာ တပ်မတော်က ၄ လကြာ အပစ်ရပ်ကြေညာပြီး စစ်ရေးလှုပ်ရှားမှုတွေကို ရပ်ဆိုင်းခဲ့ပေမယ့် MNDAA နဲ့ TNLA က နိုင်ငံတော်အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားကို နှောင့်ယှက်တဲ့အပြင် ဒေသခံတွေရဲ့ အသက်အိုးအိမ် စည်းစိမ်နဲ့ အကျိုးစီးပွားကို ထိခိုက်အောင် ဆောင်ရွက်တာတွေ ရှိလာတဲ့အတွက် ဖမ်းဆီးခံရသူတွေ လွတ်မြောက်ရေးအတွက် တပ်မတော်က လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမယ်လို့ မနေ့က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

တပ်မတော် ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ MNDAA နဲ့ TNLA အဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်လက်ခံဖြေကြားတာမရှိပါဘူး။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။