MNDAA ခေါင်းဆောင်ကို ထိန်းသိမ်းပြီး လားရှိုးကတပ်တွေ ပြန်ဆုတ်ပေးဖို့ တရုတ် ဖိအားပေး

2024.11.18
MNDAA ခေါင်းဆောင်ကို ထိန်းသိမ်းပြီး လားရှိုးကတပ်တွေ ပြန်ဆုတ်ပေးဖို့ တရုတ် ဖိအားပေး မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) စစ်ဦးစီးချုပ် ဦးဖုန်တာရွှင်အား တွေ့ရစဉ်။
The KoKang

တရုတ်နိုင်ငံကိုရောက်ရှိနေတဲ့ ကိုးတပ်မတော် (MNDAA) တပ်ဖွဲ့ခေါင်းဆောင် ဦးဖုန်တာရွှင်ကို တရုတ်အာဏာပိုင်တွေက အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားပြီး လားရှိုးကနေ MNDAA တပ်တွေ ပြန်ဆုတ်ဖို့ ဖိအားပေးထားတယ်လို့ MNDAA တပ်ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က RFA ကို ဒီနေ့ အတည်ပြု ပြောဆိုပါတယ်။

“အောက်တိုဘာလကုန်ကတည်းက ဆေးကုဖို့သွားရင်း ပြန်မလွှတ်တော့တာ။ အဓိက လားရှိုးကနေ တပ်တွေ ပြန်ဆုတ်ဖို့ကိစ္စပဲ ထိန်းထားပြီး ဆွေးနွေးနေတဲ့ သဘောလို့ ပြောလို့ရပါတယ်”လို့ RFA သတင်းရင်းမြစ်က ပြောပါတယ်။

နေပြည်တော် စစ်ကောင်စီနဲ့နီးစပ်တဲ့ RFA ရဲ့ သတင်းရင်းမြစ် တစ်ဦးကလည်း ဦးဖုန်တာရွှင်ကို သူ့ဖခင် ဦးဖုန်ကြားရှင် ပိုင်ဆိုင်တဲ့ ယူနန်က ဟိုတယ်မှာပဲ အကျယ်ချုပ်သဘောနဲ့ ထိန်းသိမ်းထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

ကိုးကန့်တပ်မတော် (MNDAA) ခေါင်းဆောင် ဦးဖုန်တာရွှင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းတို့ ပြီးခဲ့တဲ့ ၂၀၂၄ အောက်တိုဘာလ နောက်ဆုံးအပတ်မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီကတည်းက ဦးဖုန်တာရွှင် မြန်မာနိုင်ငံကို ပြန်လာခွင့် မရတော့တာလို့ RFA သတင်းရင်းမြစ်က ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရန်ကုန်မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။ အလားတူ MNDAA သတင်းပြန်ကြားရေး တာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာမရှိသေးပါဘူး။

၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၄ ခုနှစ်၊ သြဂုတ် ၃ ရက်နေ့မှာ MNDAA တပ်ဖွဲ့က စစ်ကောင်စီရဲ့ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်တည်ရှိရာ လားရှိုးကို သိမ်းပိုက်ခဲ့ပါတယ်။

သြဂုတ် ၂၇ ရက်နေ့မှာတော့ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းက “ဝ” တပ်ဖွဲ့ခေါင်းတွေ ဖြစ်တဲ့ UWSP ပါတီ ဒုတိယ-ဥက္ကဋ္ဌ ဦးကျောက်ကော်အမ်း ဦးဆောင်တဲ့အဖွဲ့ကို ယူနန်ပြည်နယ် ခေါ်ယူတွေ့ဆုံပြီး လားရှိုးကနေ MNDAA တပ်ဖွဲ့တွေ ဆုတ်ခွာဖို့၊ MNDAA ထိန်းချုပ်နယ်မြေတွေကို စားနပ်ရိက္ခာ၊ ဆေးဝါး၊ လျှပ်စစ်၊ ရေ၊ လူဝင်လူထွက်ခွင့်တွေ ပိတ်ထားဖို့ ဖိအားပေးခဲ့ပါတယ်။

ကိုးကန့်တပ်ဖွဲ့က လားရှိုးမြို့ကို သိမ်းပိုက်တာကို တရုတ်နိုင်ငံက လက်မခံကြောင်း၊ ဒါဟာ တရုတ်-မြန်မာ ချစ်ကြည်ရေးကို ထိခိုက်စေကြောင်း တရုတ်ကိုယ်စားလှယ်က “ဝ” တပ်ဖွဲ့ခေါင်းဆောင်တွေကို ပြောခဲ့ပါတယ်။

အဲဒီနောက်ပိုင်း တရုတ်နိုင်ငံဘက်က တရုတ်နယ်စပ်ကနေ MNDAA ထိန်းချုပ်ဒေသအတွင်း စက်သုံးဆီ၊ ဆေးဝါးနဲ့ စားသောက်ကုန်တွေ သယ်ဆောင်ခွင့်ကို ဖြတ်တောက်ခဲ့ပါတယ်။

ကိုးကန့်နဲ့ နယ်မြေချင်း ထိစပ်နေတဲ့ UWSA “ဝ”တပ်ဖွဲ့ထိန်းချုပ်ဒေသကနေ ကိုးကန့်ဒေသအတွင်း ကုန်ပစ္စည်းတွေ မဝင်ရောက်နိုင်ဖို့ “ဝ”ထိပ်ပိုင်းခေါင်းဆောင်တွေကိုပါ ဖိအားပေးထားပြီး နယ်စပ်ဂိတ်တွေမှာ တရုတ် ရဲတပ်ဖွဲ့ဝင်တွေကိုယ်တိုင် စောင့်ကြပ်တဲ့အထိ တင်းကျပ်ထားခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာ စစ်ကောင်စီရဲ့ အရေးပါတဲ့ တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးနဲ့ တရုတ်မြန်မာ နယ်စပ်က အရေးပါတဲ့ ကုန်သွယ်ရေးဂိတ်တွေရှိရာ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကြူကုတ်၊ ပန်ဆိုင်း၊ မုံးကိုမြို့တွေ အပါအဝင် မြို့ပေါင်း ကိုးမြို့ကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။