မိုင်းရယ်မှာ စစ်ကောင်စီတပ်နဲ့ MNDAA စစ်ရေးတင်းမာနေ

RFA Burmese
2024.08.25
မိုင်းရယ်မှာ စစ်ကောင်စီတပ်နဲ့ MNDAA စစ်ရေးတင်းမာနေ မိုင်းရယ်မြို့အဝင်တစ်နေရာကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ နှစ်ဖက် စစ်ဆိုင်ထားပြီး စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ဒေသခံတွေက သြဂုတ်လ ၂၅ ရက်နေ့မှာ RFA ကို ပြောပါတယ်။

မိုင်းရယ်မြို့အထွက် တစ်မိုင်ကျော်အကွာမှာက ဟိုယရွာမှာ စစ်ကောင်စီတပ်နဲ့ MNDAA တပ်ဖွဲ့တွေ နီးနီးကပ်ကပ်ရှိနေပြီး အချိန်းမရွေး တိုက်ပွဲဖြစ်နိုင်တဲ့ အခြေအနေရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တစ်ဖွဲ့နဲ့တစ်ဖွဲ့တောင် မြင်နေရတယ်။ ဘယ်တော့ ပစ်ကြမယ်ဆိုတာ မသိဘူး။ ခရီးသွားတွေရော၊ ရွာသားတွေရော ကြောက်နေရတာပေါ့။ စစ်တပ်ကလည်း အင်အားဖြည့်ထားတယ်”

ဟိုယရွာအနီးမှာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တိုက်ပွဲဖြစ်ခဲ့တာရှိပြီး ဟိုယရွာက နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ရွာခံတွေ မိုင်းရယ်မြို့ပေါ်ကို တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းရယ်မြို့ပေါ်မှာတော့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့က လုံခြုံရေး ယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မြို့အတွင်းပိုင်းမှာကျတော့ SSPP က ရှိနေတာ။ အခုတိုက်ပွဲက မြို့အပြင် တန့်ယန်း၊ မိုင်ရယ် လမ်းခွဲနေရာမှာ တစ်ခါတလေ ဖြစ်တယ်။ မြို့ထဲမှာတော့ ပုံမှန် သွားလာနေကြတယ်။ မြို့ခံ ကြောက်တဲ့သူတွေတော့ ရှောင်ကြတာပေါ့”

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလ ဇူလိုင် ၁၁ ရက်နေ့မှာ မိုင်းရယ်မြို့ကို SSPP က ထိန်းချုပ်ထားပြီး မိုင်းရယ်နဲ့ လားရှိုးလမ်းပိုင်းတစ်လျှောက်ကို MNDAA က ထိန်းချုပ်ထားပါတယ်။

လားရှိုးမြို့က အရှေ့မြောက် တိုင်းစစ်ဌာနချုပ်ကို MNDAA က သိမ်းပိုက်ထားပြီး မိုင်းရယ်နဲ့ တန့်ယန်းမြို့နယ်အတွင်းမှာတော့ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်လက်အောက်ခံ စစ်ကောင်စီတပ်စခန်းတွေ ကျန်နေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်ကနေ ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်နဲ့ နောင်ချို မြို့ဘက်ကို စစ်အင်အားတွေ ထပ်ဖြည့်နေတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်လာမဲ့ အခြေအနေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။