လားရှိုးမှာပြန်လွတ်လာတဲ့ စစ်သုံ့ပန်း မိသားစုဝင် တစ်ထောင်ကျော်အထိ ရှိလာ
2024.08.08
လားရှိုးမြို့ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်မှာ ဖမ်းဆီးခံရတဲ့ စစ်သုံ့ပန်းမိသားစုဝင် တစ်ထောင်ကျော်ကို ကိုးကန့်တပ်မတော် (MNDAA) က ပြန်လွှတ်ပေးလိုက်တယ်လို့ RFA ရဲ့ မြေပြင် စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်း မိသားစုဝင်တွေကို သြဂုတ် ၆ ရက်နေ့က ၃၈၅ ဦး၊ သြဂုတ် ၇ ရက်နေ့က ၄၄၅ ဦးနဲ့ သြဂုတ်လ ၈ ရက် ဒီနေ့မှာ ၃၀၈ ဦး ပြန်လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
သြဂုတ် ၈ ရက် ဒီနေ့မှာ RFA ကိုပေးပို့လာတဲ့ ရုပ်သံမှတ်တမ်းတွေအရလည်း ပြန်လွှတ်ပေးတဲ့အထဲ ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်တာတွေ့ရပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ RFA ရဲ့ စစ်ရေးသတင်းရင်းမြစ် တစ်ဦးကတော့ စစ်သုံ့ပန်း မိသားစုဝင်တွေကို နေ့စဥ် ပြန်လွှတ်ပေးနေတာလို့ RFA ကို ပြောပါတယ်။
“နေ့စဥ် ပြန်လွှတ်ပေးနေတာပါ။ အဲဒီလို လွှတ်ပေးတဲ့လုပ်ငန်းစဥ်တွေမှာလည်း ရှမ်းမြောက်အခြေစိုက် တခြားသော လက်နက်ကိုင်တပ်ဖွဲ့တွေက လာရောက် ပူးပေါင်းဆောင်ရွက်ပေးပါတယ်။ သူတို့ကပဲ စစ်သုံ့ပန်း မိသားစုဝင်တွေကို ခေါ်သွားတာ ဖြစ်ပါတယ်”
စစ်သုံ့ပန်းတွေကိုတော့ ပြန်လွှတ်မှာမဟုတ်ဘဲ ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ သူက ပြောပါတယ်။
ကိုးကန့်တပ်မတော် (MNDAA) ကတော့ သြဂုတ်လ ၆ ရက်နေ့က စစ်သုံ့ပန်း မိသာစုဝင် ၃၈၀ ကျော်ကို တစ်ဦးကို ငွေငါးသောင်းကျပ်စီပေးပြီး နေရပ်ပြန်နိုင်ဖို့ အကူအညီပေးတဲ့အကြောင်း သြဂုတ်လ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အရာရှိနဲ့ မိသားစုဝင် လေးထောင်ကျော် အလံဖြူထောင်ပြီး လက်နက်ချခဲ့တယ်လို့ မြေပြင်စစ်ရေးအခြေအနေသိသူတွေက ပြောပေမဲ့ RFA အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
သြဂုတ်လ ၃ ရက်နေ့က ကိုးကန့်တပ်မတော် (MNDAA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ရမခ ကို သိမ်းပိုက်ပြီးနောက် တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးနဲ့ ကျောက်မဲအခြေစိုက် အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်က ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ ဖမ်းဆီးခံရပြီး စစ်ကောင်စီကလည်း အရာရှိကြီးတွေ ဖမ်းဆီးခံရကြောင်း အတည်ပြုထားပါတယ်။