မိုးကုတ်မြို့ အရှေ့ပိုင်းမှာ တိုက်ပွဲဆက်လက်ပြင်းထန်

RFA Burmese
2024.07.08
မိုးကုတ်မြို့ အရှေ့ပိုင်းမှာ တိုက်ပွဲဆက်လက်ပြင်းထန် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်တချို့ကို ၂ဝ၂၄ ခုနှစ် ဇွန်လ ၃ဝ ရက်နေ့က မိုးကုတ်မြို့နယ်အတွင်း တွေ့ရစဉ်။
PSLF/TNLA - သတင်းနှင့်ပြန်ကြားရေးဌာန

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းမှာ ဇူလိုင်လ ၈ ရက် ဒီနေ့မှာလည်း စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မိုးကုတ်မြို့ခံတွေက ပြောပါတယ်။

အုန်းပင်ရေထွက်ရပ်ကွက်နဲ့ ကောက်ကောက်ရွာအနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းရော၊ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မိုးကုတ်က ဖုန်းလိုင်းတွေက မိလိုက် ပျောက်လိုက် ဖြစ်နေတော့ အသေးစိတ်ကိုတော့ မသိရသေးဘူး။ တိုက်ပွဲကတော့ အချိန်တိုင်းကို ဖြစ်နေတာ။ မိုးရွာတာပဲ ရပ်တယ်။ တိုက်ပွဲကတော့ မရပ်သွားဘူး"

တိုက်ပွဲအတွင်း မိုးကုတ်မြို့အရှေ့ပိုင်းမှာ နေထိုင်သူတွေလည်း ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဇွန် ၂၅ ရက်နေ့ကစလို့ "၁ဝ၂၇ စစ်ဆင်ရေး" နောက်ဆက်တွဲအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ လားရှိုးမြို့တွေနဲ့ မန္တလေးတိုင်းထဲက မတ္တရာ၊ စဥ့်ကူးနဲ့ မိုးကုတ်မြို့နယ်တွေက စစ်ကောင်စီစခန်းတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

တိုက်ပွဲ ၁၃ ရက်အတွင်းမှာတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် စုစုပေါင်း အရပ်သား (၄၉) ဦးသေဆုံးပြီး (၆၇) ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။