မွန်ပြည်နယ်ကိုယ်စားပြုအလံ ရွေးချယ်နိုင်ရေးအတွက် လွှတ်တော်မှာ ဒီနေ့ အကြေအလည် ဆွေးနွေးခဲ့ကြပေမယ့် အတည်မပြုနိုင်ခဲ့ဘဲ မနက်ဖြန် ဆက်လက်ဆွေးနွေးပြီး ရွေးချယ်အတည်ပြုမှာဖြစ်တယ်လို့ မွန်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌက ပြောပါတယ်။
အလံမူကြမ်း သုံးမျိုးကို တင်ပြခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၇ ယောက်က ဆွေးနွေးခဲ့ကြရာမှာ သဘောထား ကွဲလွဲမှုတွေရှိတဲ့အတွက် ဒီနေ့မှာ အတည်ပြု မရွေးချယ်နိုင်ခဲ့ဘူးလို့ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပြောပါတယ်။
"ကျနော်တင်ပြတဲ့ နမူနာပုံကြမ်းမှာတော့ မွန်ပြည်နယ် ကိုယ်စားပြုအလံက အလယ်မှာ ဟင်္သာပါတယ် နောက်ခံ အနီရောင်နဲ့ တစ်မျိုး၊ နောက်ပြီးတော့ နောက်ခံအပြာရောင်နဲ့တစ်မျိုး၊ အဲဒီအပြင်ကို နောက်ခံ အပြာရောင်နဲ့ အောက်မှာ မွန်ပြည်နယ်ဆိုပြီး စာတန်းပါတဲ့ဟာလည်းတစ်မျိုးပေါ့၊ ဒီဟာတွေပေါ်မှာ အမြင်အရ ပြောရရင်တော့ ကိုယ်စားလှယ်တွေအားလုံးက ဟင်္သာပါတယ်ဆိုတဲ့ဟာကို လက်ခံတယ်၊ သို့သော် အနီရောင်ကြိုက်နှစ်သက်တဲ့ ပုဂ္ဂိုလ်တွေ၊ တချို့ကလည်း အပြာရောင်ကြိုက်နှစ်သက်တဲ့ ပုဂ္ဂိုလ်တွေ၊ တချို့ကလည်းအရင်တုန်းက သုံးခဲ့တဲ့ အပြာရောင်နောက်ခံနဲ့ အောက်မှာ မွန်ပြည်နယ် စာတန်းပါတဲ့ဟာမျိုးကိုလည်းကြိုက်တဲ့ ပုဂ္ဂိုလ်လည်းရှိတယ်၊ အဲဒါကြောင့်မို့ ဒီအခြေအနေအရပ်ရပ်ကိုကြည့်ပြီးတော့ လွှတ်တော်ကလည်း မနက်ဖြန်မှ ဆက်လုပ်ဖို့ဆိုပြီးတော့ အားလုံးဆန္ဒနဲ့အညီ ဥက္ကဋ္ဌကြီးက ဆုံးဖြတ်ပြီးတော့ မနက်ဖြန်ပြန်လည်ဆွေးနွေးပြီးတော့ အတည်ပြုရေး ဆက်လက်ဆောင်ရွက်ပါ့မယ်"
မွန်ပြည်နယ် ကိုယ်စားပြုအလံ ရွေးချယ်နိုင်ဖို့အတွက် မွန်ပြည်နယ်အဖြစ် သတ်မှတ်ပြီးတဲ့နောက်မှာ အသုံးပြုခဲ့ တယ်လို့ ယူဆရတဲ့ “အပြာရောင်နောက်ခံ၊ ရွှေဟင်္သာပါ” တဲ့ အလံမူကြမ်းနဲ့ မွန်လူမျိုးတွေရဲ့ ရိုးရာအရောင်အဖြစ် သတ်မှတ်ထားတဲ့ “အနီရောင်အောက်ခံ၊ ရွှေဟင်္သာပါ” တဲ့အလံမူကြမ်း၊ “အပြာရောင်နောက်ခံ၊ ရွှေဟင်္သာနဲ့ မွန်ပြည်နယ်စာတန်းပါ” တဲ့ အလံမူကြမ်း သုံးမျိုးကို လွှတ်တော်မှာ တင်ပြခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက ပြည်နယ် ဝန်ကြီးဌာနအောက်မှာရှိတဲ့ ဦးစီးဌာနတွေမှာ အသုံးပြုဖို့နဲ့ ဝန်ကြီးဌာနနဲ့ သက်ဆိုင်တဲ့ အခမ်းအနားတွေမှာ အသုံးပြုနိုင်ဖို့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ အလံတွေကို ပေးပို့ဖို့ ပြည်နယ်အစိုးရအဖွဲ့ကို စာပေးပို့ခဲ့တာဖြစ်ပါတယ်။
လွှတ်တော်ကျင်းပနေတဲ့ ကာလဖြစ်တဲ့အတွက် ပြည်နယ်ကိုယ်စားပြု အလံရွေးချယ်ရေး ကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်အစည်းအဝေးမှာ ရွေးချယ်အတည်ပြုပြီး ဆောင်ရွက်သင့်တယ်လို့ ပြည်နယ်အစိုးရက လွှတ်တော်ကို အကြောင်းကြားလာတာကြောင့် ဒီနေ့ ကျင်းပတဲ့ လွှတ်တော်မှာ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
