ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ထဲက ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ ထိန်းချုပ် ရာ မုန်းမြို့နယ်၊ ကနစိုးရွာဝန်းကျင်ကို ဩဂုတ်လ ၂၃ ရက် ဒီနေ့မနက်အစောပိုင်း စစ်ရဟတ် ယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ တစ်ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
ဒီကနေ့မနက်အစော ၅ နာရီခွဲဝန်းကျင်က ကနစိုးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း (၈) က မိနစ် ၂၀ ကြာ သွားရောက်တိုက်ခိုက်ခဲ့ ပြီးနောက် အခုလို လာပစ်တာလို့ KNU က ဆိုပါတယ်။
ဒါကြောင့် အိမ်ခြေ ၂၂၀ ရှိတဲ့ ရွာက ဒေသခံ ၁၁၁၇ ဦး ထွက်ပြေးနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မုန်းမြို့ ဒေသခံတစ်ဦးကလည်း စစ်ကောင်စီဘက်က လေကြောင်းကနေ လာပစ်လို့ ထွက်ပြေး နေကြရပြီး ထိခိုက်မှုတော့ မကြားရသေးဘူးလို့ RFA ကို ပြောပါတယ်။
“ကနစိုးက စစ်ကောင်စီတပ်ကို မနက်အစောပိုင်းက သွားတိုက်ကြတာ။ ၇ နာရီခွဲလောက်မှာ ရွာထဲကို ဗုံးကြဲသွားတယ်။ တိုက်ပွဲပြီးမှ လေကြောင်းက ပစ်သွားတာ။ ထိခိုက်မှုတွေတော့ ဘာမှမကြားရသေးဘူး။ ဒါပေမဲ့ ရွာသားတွေကတော့ ထွက်ပြေးရတာပေါ့။ ကလေးအငယ် တွေကို အစောကတည်းက တခြားနေရာ ပို့ထားလို့ တော်သေးတာပေါ့။ တိုက်ပွဲဖြစ်မှ ပြေးရရင် မလွယ်ဘူး။ ဖြစ်တဲ့အချိန်က မှောင်မှောင်မည်းမည်းပဲ ရှိသေးတယ်”
တိုက်ပွဲအခြေအနေတိတိကျကျနဲ့ နှစ်ဖက်ထိခိုက်မှုတွေကိုတော့ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ညောင်လေးပင်ခရိုင်ထဲမှာ ရွာပေါင်း ၄၀ က စစ်ဘေးဒုက္ခသည် ၁၇,၂၅၇ ဦးအထိ ရှိလာတယ်လို့ KNU က ဩဂုတ်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။