စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဖေဖော်ဝါရီလ ၁၁ ရက်မနေ့က ဒေသခံငါးဆယ်ခန့်ကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ဒီအခြေအနေကိုသိတဲ့ ဒေသခံတွေက RFA ကိုပြောပါတယ်။
မုံရွာမြို့၊ မြဝတီရပ်ကွက်၊ သစ္စာလမ်းထဲက လက်ဖက်ရည်ဆိုင်မှာ ထိုင်နေသူတွေ အပါအဝင် အနီးအနားက ဒေသခံ နှစ်ဆယ်ခန့် ဖမ်းဆီးခံခဲ့ရသလို ဇလုတ်အဝိုင်းပတ်အနီးမှာ ဒေသခံ ရှစ်ဦးခန့်နဲ့ ဆင်ဖြူရှင် တံတားဂိတ်နားမှာ နှစ်ဆယ်ခန့် ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
မနေ့မနက်ပိုင်းကစပြီး စစ်ကောင်စီ တပ်သားတွေဟာ အရပ်ဝတ်တွေနဲ့ မြို့အနှံ့လှည့်လည်ပြီး ဒေသခံတွေကိုဖမ်းဆီးနေသလို ကင်းပုန်းဝပ်စစ်ဆေးပြီး ဖမ်းဆီးခေါ်သွားတာမျိုးလည်းရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အသက် ၁၈ နဲ့ ၃၅ နှစ်ကြား အမျိုးသားနဲ့ အမျိုးသမီးတွေဖြစ်တယ်လို့ ဒီအခြေအနေကိုသိတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ မုံရွာမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
“မနေ့က မနက်ပိုင်းကတည်းက မြို့ပေါ်မှာဖမ်းနေတာ။ ဖမ်းခံရတာ ငါးဆယ်လောက်က အတည်ပြုလို့ရတယ်။ အရပ်ဝတ်တွေနဲ့ လှည့်ပြီးဖမ်းတာများတယ်။ အင်အားက ပုံမှန်ရယ်လို့ မထားဘူး။ တစ်နေရာဆီမှာ ခန့်မှန်း လေး၊ ငါး၊ ဆယ်ယောက်လောက်နဲ့ အကုန်ဖြန့်ထားပြီး လိုက်စစ်ဆေးဖမ်းနေတာ။ ဖမ်းခံရတာက အသက် ၁၈ ကနေ ၃၅ ဝန်းကျင်၊ အမျိုးသားရော၊ အမျိုးသမီးရောလို့ စုံးစမ်းရသလောက် သိရတယ်။ ဖြစ်နိုင်တာက သူတို့ကို မုံရွာ မြို့တော်ခန်းမမှာ ဖမ်းထားနိုင်တယ်။ တချို့တော့ ငွေတောင်းပြီးတော့ ပြန်လွှတ်တယ်လို့ကြားတယ်။ ငွေပမာဏတော့ မသိရသေးဘူး”
ဒေသခံတွေ ဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းကြောင့် ဖေဖော်ဝါရီ ၁၂ ရက် ဒီနေ့မနက်ပိုင်းအထိ မုံရွာမြို့ပေါ်မှာ ဈေးဝယ်ချိန်ကလွဲလို့ မြို့ထဲ သွားလာသူမရှိ ခြောက်ကပ်နေတယ်လို့ နောက်ထပ် မုံရွာမြို့ခံတစ်ဦးကပြောပါတယ်။
“မနေ့က မုံရွာမြို့မှာ အဖမ်းခံရတာ ငါးဆယ်ဝန်းကျင်လောက်ရှိတယ်။ တချို့ ပြန်လွတ်တယ်ကြားတယ်။ သေသေချာချာတော့ မသိရသေးဘူးဗျ။ မေးလို့မရသေးလို့လေ။ အဓိကတော့ သူတို့ (စစ်ကောင်စီ) ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ တစ်စုံတစ်ရာတော့ ဆက်စပ်မှုရှိမယ်ထင်တယ်။ မြို့ပေါ်မှာတော့ မနက်ခင်း ဈေးဝယ်ချိန်လောက်ပဲ စည်းကားတယ်။ နေ့ခင်းကစပြီးတော့ မြို့တော့ တော်တော်လေးတော့ ခြောက်ခြောက်ကပ်ကပ်တော့ ဖြစ်နေတယ်။ မနေ့ကစပြီးတော့ ခြောက်ကပ်နေတာ”
မနေ့မနက်ပိုင်းမှာလည်း စစ်ကိုင်းမြို့နယ်၊ လယ်ကြီးရွာအနီး မန္တလေး - မုံရွာ ကားလမ်းပေါ်က ခရီးသွားပြည်သူ လေးဆယ်နီးပါးကို စစ်ကောင်စီတပ်က စစ်ဆေးမေးမြန်းမယ်ဆိုပြီး ဖမ်းဆီးထားသလို ဒီနေ့အထိ သတင်းတစ်စုံတစ်ရာ မကြားရသေးဘူးလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီလ ၉ ရက် ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် ပြည်သူ ၂၀,၀၇၁ ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးထားပြီး အဲဒီထဲက ၈၇၇၆ ဦးက ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။