စစ်ကိုင်းတိုင်းမှာ အရပ်သား ၁၇ ဦး အကြမ်းဖက်ပုဒ်မနဲ့ ထောင်ချခံရ
2024.09.13
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင် အပါအဝင် မုံရွာမြို့နယ်နဲ့ ဖောင်းပြင်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီ တရားရုံးတွေက အရပ်သား ၁၇ ဦးကို ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဆက်စပ်တဲ့ စွပ်စွဲချက်တွေနဲ့ ထောင်ချလိုက်တယ်လို့ စစ်ကောင်စီတပ်ကို ထောက်ခံရေးသားလေ့ရှိတဲ့ တယ်လီဂရမ် လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။
သူတို့ဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို ငွေကြေးထောက်ပံ့တာ၊ ရန်ပုံငွေ မဲလက်မှတ်ရောင်းချပေးတာနဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေရှိတာကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ၅၁ (ဂ)၊ ၅၀ (ဈ) စတဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ်နှစ်ရှည်ချခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ မုံရွာအကျဉ်းထောင် သီးသန့်တရားရုံးက အမိန့်ချတဲ့ အရပ်သား ၁၃ ဦး၊ စစ်ကိုင်းခရိုင် တရားရုံးက အမိန့်ချတဲ့ အရပ်သား သုံးဦးနဲ့ ဖောင်းပြင်မြို့နယ် တရားရုံးက အမိန့်ချခံရသူ တစ်ဦး စုစုပေါင်း ၁၇ ဦးရှိပါတယ်။
ဒီအထဲ စစ်ကိုင်းတိုင်းက အရပ်သား ၁၅ ဦးနဲ့ မန္တလေးတိုင်းက အရပ်သား နှစ်ဦး ပါဝင်ပြီး ထောင်ဒဏ် ငါးနှစ်ကနေ အမြင့်ဆုံး ၁၅ နှစ်အထိကျခံဖို့ စက်တင်ဘာလ ၁၀ ရက်ကနေ ၁၂ ရက်အထိ သုံးရက်အတွင်း အမိန့်ချခဲ့တာပါ။
နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရပြီး မကြာသေးခင်က ပြန်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဇေယျကတော့ ဒါဟာ ပုဂ္ဂိုလ်ရေးအရ မကျေနပ်လို့ ဖမ်းဆီးထောင်ချနေတာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
"ပုဂ္ဂိုလ်ရေးအရ မကျေနပ်တာတွေ၊ နာမည်ပို့ခံရတဲ့သူတွေ အဖမ်းခံနေရတာပါ။ ထောင်ထဲမှာရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးနီးပါးလောက်ဟာ ဒီအကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်တွေနဲ့ ဖမ်းခံရတဲ့သူတွေချည်းပဲ။ ဒါက လုံးဝမတရားဖမ်းဆီးပြနေတာပါ”
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်အထိ အရပ်သား သုံးသောင်းခန့် (၂၇၃၆၁ ဦး) ဖမ်းဆီးခံရပြီး အဲဒီထဲက လူကိုးထောင်ကျော် (၉၃၉၂ ဦး) က ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။