စစ်တပ်က အာဏာသိမ်းတဲ့ တစ်နှစ်အတွင်း ကယား (ကရင်နီ) ပြည်နယ်မှာ အရပ်သား ပြည်သူ ၂၁၂ ဦး သေဆုံးခဲ့ပြီး နေအိမ်အဆောက်အအုံ ၄၉၂ လုံး ပျက်စီးခဲ့တယ်လို့ ကရင်နီ လူမှုအသင်းအဖွဲ့များ ကွန်ယက် KCSN က ဖေဖော်ဝါရီ ၂ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
သေဆုံးသူအများစုဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြောင်းမဲ့ ပစ်သတ်ခံရတာလို့ KCSN က ပြောခွင့်ရသူ ကိုရူဘီက RFA ကို ပြောပါတယ်။
“စစ်ပွဲထဲမှာ မတော်တဆ ထိခိုက်တာ မဟုတ်ဘဲနဲ့ စစ်ကောင်စီက ဆုတ်တဲ့အခါဖြစ်ဖြစ်၊ စစ်ကြောင်းထိုးတဲ့အခါမှာ ရွာသားတွေကို ဒီလိုပဲတွေ့ပြီး အကြောင်းမဲ့ ပစ်သတ်တာရှိ တယ်။ လမ်းသွား၊ လမ်းလာ ပစ်သတ်ခံရတာလည်းရှိတယ်။ တချို့က အိမ်မှာနေရင်းနဲ့ လည်း ပစ်သတ်တာရှိတယ်”
ဇန်နဝါရီ ၁၇ ရက်ကနေ ၃၀ ရက်အထိ ကယား (ကရင်နီ) ပြည်နယ်ထဲမှာ နှစ်ပတ်အတွင်း အရပ်သား ၁၄ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ တစ်ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၂၀ ရက်က စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်လို့ လွိုင်ကော်မြို့ ဒေါဥခူနဲ့ နမ့်ဘော်ဝါ ရပ်ကွက်က အရပ်သား နှစ်ဦး သေဆုံးခဲ့ပါတယ်။ တစ်ရက်တည်းမှာပဲ လွိုင် ကော်မြို့ ဒေါတရို့ရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က အသက် ၆၈ နှစ်အရွယ် ဒေသခံတစ်ဦး ပစ်သတ်ခံရတယ်လို့ KCSN ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဇန်နဝါရီ ၂၇ ရက်က လွိုင်ကော်မြို့ ရေယိုရွာမှာ အသက်မပြည့်သေးသူ ခြောက်ဦး အသတ်ခံရပြီး အိမ်သာကျင်းထဲ ပစ်ချခံရတယ်လို့လည်း ပါရှိပါတယ်။
ဇန်နဝါရီ ၂၈ ရက်မှာ လွိုင်ကော်မြို့ ထူဒူငံသရွာမှာ သားအမိနှစ်ဦးရဲ့အလောင်းကို တွေ့ခဲ့ ရပြီး သားဖြစ်သူကို လက်နောက်ပြန်ကြိုးတုပ် မီးရှို့ထားတယ်လို့ ဆိုထားပါတယ်။
ဇန်နဝါရီ ၂၁ ရက်မှာ လွိုင်ကော်မြို့ ပိန်းချစ်ရွာအနီးမှာ ငှက်ထောင်သွားတဲ့ အသက် ၁၇ နှစ်အရွယ် တစ်ဦး စစ်ကောင်စီတပ်တွေ ထောင်ထားတဲ့ မိုင်းနင်းမိပြီး ညာဘက်ခြေထောက် ပြတ်ခဲ့ရပါတယ်။
လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဖယ်ခုံမြို့နယ်တွေမှာ မကြာသေးခင်ရက်ပိုင်းအတွင်းက တိုက်ပွဲ တွေ ပြင်းထန်ကာ စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
အဲဒီထုတ်ပြန်ချက်အပေါ် စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။