နိုင်ငံတစ်ဝန်း ဖျက်ဆီးခံရတဲ့ နေအိမ်၊ အဆောက်အအုံ နှစ်သောင်းကျော် ရှိလာ

မြန်မာနိုင်ငံတစ်ဝန်းမှာ အာဏာသိမ်းတစ်နှစ်ကျော်အတွင်း လက်နက်ကိုင် ပဋိပက္ခတွေ အကြား မီးရှို့ဖျက်ဆီးခံရတာနဲ့ လက်နက်ကျည်ထိမှန်ပြီး ပျက်စီးခဲ့ရတဲ့ ဘာသာရေး အဆောက်အအုံတွေ အပါအဝင် နေအိမ်၊ အဆောက်အအုံပေါင်း ၂၂,၂၉၉ လုံးထက်မနည်း ရှိခဲ့တယ်လို့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISP Myanmar က ဇွန်လ ၂ ရက် မနေ့က ထုတ်ပြန်ပါတယ်။

ဒီအချက်အလက်တွေဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ အခုနှစ် မေလ ၂၆ ရက်နေ့ထိဖြစ်ပြီး မေလတစ်လတည်းမှာတင် မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်၊ အဆောက်အအုံ ၇၆၆၂ လုံးထက်မနည်း ရှိခဲ့တာကြောင့် အခုတစ်နှစ်ကျော်အတွင်းမှာ မေလဟာ ဖျက်ဆီးခံ ရတဲ့ ပမာဏအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီအထဲမှာ စစ်ကိုင်းတိုင်းဟာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အရေအတွက် အများဆုံးဖြစ်ပြီး နိုင်ငံတစ်ဝန်း မီးရှို့ခံရတဲ့ အိမ်အရေအတွက်ရဲ့ သုံးပုံ နှစ်ပုံကျော်ရှိပါတယ်။ မကွေးတိုင်းက တော့ မီးရှို့ခံရမှုအများဆုံးရှိနေတဲ့ ဒေသဖြစ်တယ်လို့ ဆိုပါတယ်။

ဒီစာရင်းတွေမှာ မပါဝင်သေးတဲ့ မေလ ၂၆ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ တစ်ပတ် အတွင်း စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ကုန်းကြောင်း၊ ရေကြောင်း ကနေ စစ်ဆင်ရေးဆောင်ရွက်ချိန် ချင်းတွင်းမြစ်ဘေး ရွာ ၁၄ ရွာလောက်က နေအိမ်ပေါင်း ၁၀၀၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

မီးရှို့ဖျက်ဆီးခံလိုက်ရလို့ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ဒေသခံပြည်သူတွေဟာ ဘုန်းတော်ကြီး ကျောင်းတွေ၊ နီးစပ်ရာရွာတွေ၊ စိုက်ခင်း၊ ယာခင်းတွေမှာ ဖြစ်သလိုနေထိုင်နေကြရပြီး ပြန်လည်ထူထောင်ဖို့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောဆိုကြပါတယ်။