ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ ကိုဗစ်ရောဂါကူးစက်ခံရသူ လူနာသစ် နှစ်ထောင်ကျော် ကူးစက်နေပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ရာဂဏန်း လည်း ကူးစက်ခံနေရပါတယ်။
ချင်းမိုင်မြို့မှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ RT-PCR စစ်ဆေးမှုမှာ ၂၈၆ ဦး၊ ATK စစ်ဆေးမှုမှာ ၂၄၇၂ ဦးရှိပြီး ကိုဗစ်ရောဂါကူးစက်ခံရသူ လူနာသစ်ပေါင်း ၂၇၅၈ ဦး ရှိတယ်လို့ ချင်းမိုင်ခရိုင် ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ချင်းမိုင်မြို့၊ ဆန်ကန်ဖင်နယ်ထဲက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၂၅၀ ကျော် ကိုဗစ်ရောဂါပိုး ကူးစက်ခံရလို့ အကူအညီ လိုအပ်နေတယ်လို့ ချင်းမိုင်မြို့က မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးနဲ့ အမျိုးသမီးအရေးဆောင်ရွက်ပေးနေတဲ့ ဒေါ်စောရင်က RFA ကို ပြောပါတယ်။
ချင်းမိုင်မြို့ထဲက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနေတဲ့ ရပ်ကွက်ထဲမှာလည်း ကိုဗစ်ရောဂါကူးစက်မှုတွေ ရှိနေပေမဲ့ အရေအတွက်အတိအကျတော့ မသိရသေးဘူးလို့ သူကပြောပါတယ်။
ကိုဗစ်ရောဂါ ကူးစက်ခံရသူတွေဟာ ၁၀ ရက်ကနေ ၁၄ ရက် အထိ အလုပ်နားလိုက်ရတာကြောင့် အခုအချိန်မှာ အလုပ်ရှင်ဘက်က အလုပ်ပြန်နားခိုင်းတာတွေရှိပြီး လုပ်အားခတွေ မရတာကြောင့် အလုပ်ပြုတ်သူ မြန်မာအလုပ်သမား ၂၀ ဦးလောက် ရှိနေပြီလို့ ဒေါ်စောရင်က ပြောပါတယ်။
ကိုဗစ်ရောဂါကူးစက်ခံရပြီး နေအိမ်မှာနေသူတွေအတွက် ထိုင်းအစိုးရက ဆေးဝါးနဲ့ အစားအသောက်တွေ ထောက်ပံ့ပေးပေမဲ့ လာမယ့် မတ်လ ၁ ရက်နေ့ကစပြီး ကိုဗစ်ရောဂါကူးစက်ခံရသူတွေကို ထိုင်းအစိုးရက အခမဲ့ ဆေးဝါးကုသ မပေးတော့ဘူးလို့ ဒေါ်စောရင်က ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာလည်း ကိုဗစ်ရောဂါ ကူးစက်ခံရသူ လူနာသစ်ပေါင်း ၃၀၈၃ ဦးရှိခဲ့ပြီး သူတို့ထဲက အများစုမှာ အိုမီခရွှန်ရောဂါပိုး ကူးစက်ခံရတာဖြစ်ပြီး သေဆုံးသူ ၁ ဦး ရှိခဲ့တယ်လို့ ထိုင်း ကူးစက်ရောဂါဆိုင်ရာကော်မတီက ထုတ်ပြန်ချက်ကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။