ကန့်ဘလူမြို့ အင်ငုတ္တိုရွာက နေအိမ် ၃၀ ကျော် မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းက အင်ငုတ္တိုရွာကို စစ်ကောင်စီတပ်တွေ ဩဂုတ်လ ၁၆ ရက်နေ့မှာ ဝင်ရောက်ခဲ့ပြီးတဲ့နောက် နေအိမ် ၃၀ ကျော် မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်ငုတ္တိုရွာဟာ ပြီးခဲ့တဲ့ ဇွန်လကလည်း ပထမအကြိမ်အဖြစ် နေအိမ် ၁၇၀ ကျော်မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကိုးထောင်ဘို့ရွာက ရောက်လာတဲ့ စစ်သားတွေနဲ့ ပျူစောထီးတွေ ပူးပေါင်းပြီး မီးရှို့ခဲ့တာလို့ နေအိမ်မီးလောင်ဆုံးရှုံးခဲ့သူ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ မနက်အစောပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ဝင်လာတာ၊ ဒေသခံတွေကတော့ ထွက်ပြေးကြတာပေါ့၊ ဒါက ဒုတိယအကြိမ်ရောက်လာပြီး နှစ်ကြိမ်မြောက် မီးရှို့ခံရတာပဲ၊ စစ်သားတွေဝင်လာရင် ဒီလိုရှို့ခံရမယ်ဆိုတာကို သိပါတယ်။ သူတို့ဒီလိုလုပ်လေ ပြည်သူတွေက သူတို့ကို ပိုမုန်းလေပဲ “

စစ်ကောင်စီတပ်သားတွေ မနေ့မနက်က ရွာကထွက်သွားတဲ့နောက် ဒေသခံတစ်ချို့ရွာကို ပြန်ဝင်ရောက်ပြီး မီးငြှိမ်းသတ်ရှင်းလင်းနေတယ်လို့ ပြောပါတယ်။

အင်ငုတ္တိုရွာကို ရောက်လာတဲ့ စစ်သားတွေဟာ စစ်ယူနီဖောင်းလက်နက်အပြည့်အစုံ ဝတ်ဆင်ထားပြီး ပျူစောထီးတွေကတော့ အရပ်သားအဝတ်အစားတွေ ဝတ်ဆင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့မနက်မှာတော့ ကန့်ဘလူမြို့နယ် ပင့်သာရွာကို ရောက်ရှိနေပြီး အဲ့ဒီရွာကိုလည်း မီးရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း ဘာသာရေးအဆောက်အအုံတွေအပါအဝင် နေအိမ် ၂၈၀၀၀ ကျော်မီးလောင်ခဲ့တယ်လို့ ISP-Myanmar က အခုလ ၁၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။