အရာတော်မြို့ မင်းရွာကြီးရွာက နေအိမ် ၃၅၀ ကျော် မီးရှို့ခံရပြီး တစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် မင်းရွာကြီးရွာကို စစ်ကောင်စီတပ်သားတွေက ဩဂုတ် လ ၄ ရက်၊ ၅ ရက်နေ့နဲ့ ၆ ရက်နေ့ သုံးရက်ဆက်တိုက် မီးရှို့ခဲ့တာကြောင့် နေအိမ် ၃၅၀ ကျော်မီးလောင်ခဲ့ပြီး အသက် ၈၀ အရွယ် အဘွားတစ်ဦး မီးလောင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးလောင်သေဆုံးသူက အသက် ၈၀ အရွယ် ဒေါ်ရှင်ဖြစ်ပြီး မြင်းမူမြို့နယ်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းရွာကြီး ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“၄ ရက်နေ့ ညနေပိုင်းက ရွာကိုဝင်လာတယ်။ ရွာနားမှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက် ပွဲဖြစ်တယ်။ လေကြောင်းပစ်ကူနဲ့ လာပစ်တယ်။ ညမှ မီးရှို့တယ်။ ရွာမှာ နှစ်ညအိပ်တပ် စွဲပြီး ဒီကနေ့မနက် အထွက်မှာလည်း မီးထပ်ရှို့တယ်။ အခု သူတို့ထွက်သွားလို့ ရွာကိုပြန် ဝင်ကြည့်ပြီး မီးငြှိမ်းတာလုပ်နေကြတယ်“

ဒီကနေ့မနက်မှာလည်း မင်းရွာကြီးအနီးမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဘက်က အသက် ၃၀ ဝန်းကျင်အရွယ် ကိုထူး ဆိုသူ သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မင်းရွာကြီးအနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေဘက်က သေဆုံးမှုတွေရှိတယ်ဆိုတာ နဲ့ ရွာမီးရှို့ခံရတယ်လို့ ဒေသခံတွေပြောဆိုမှုနဲ့ပတ်သက်ပြီး RFA အနေနဲ့လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းတစ်စုံတစ်ရာ ထုတ် ပြန်တာမရှိသေးပါဘူး။

မီးရှို့ခံရတဲ့ မင်းရွာကြီးရွာဟာ အိမ်ခြေတစ်ထောင်ဝန်းကျင်ရှိတဲ့ ရွာကြီးဖြစ်ပြီး မြင်းမူမြို့ နယ်နဲ့ အရာတော်မြို့ အစပ်မှာရှိပါတယ်။

လက်ရှိ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးနေတာကြောင့် မြင်းမူနဲ့ အရာတော်အစပ် က ငါးတင်း၊ နမသင်း၊ သခွတ်ပင်လယ်၊ ညောင်ပင်၊ မလဲသာ၊ ကံရင်းအပါအဝင် ရွာပေါင်း ခုနစ်ရွာလောက်က ဒေသခံငါးထောင်ဝန်းကျင် ဘေးလွတ်ရာ ရှောင်တိမ်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ်က စစ်ကောင်စီတပ်သား အင်အား ၅၀ လောက်ဟာ ဒီကနေ့မှာတော့ အရာတော်မြို့နယ် ငွေတွင်းရွာကို ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။