ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ သထုံခရိုင် မှာ ပြီးခဲ့တဲ့ မေလအတွင်း စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံတပ်တွေကြား တိုက်ပွဲ ပေါင်း ၄၁ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU က ဇွန်လ ၂ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ဘက်က ၇၁ ယောက် သေဆုံးခဲ့ပြီး ၅၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU ဘက်က ပြောပါ တယ်။
KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ကရင် အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) ဘက်က နှစ်ယောက် သေဆုံးပြီး ၁၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
KNU ဘက်က ထုတ်ပြန်လာတဲ့ သေဆုံးစာရင်းတွေကို RFA က သီးခြား အတည်မပြု နိုင်ပါဘူး။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒီထုတ်ပြန်ချက်ပါ ကိန်းဂဏန်းတွေဟာ မှန်ကန်မှုမရှိသလို အရပ်သားတွေအပေါ် ပစ်မှတ်ထားတာလည်းမရှိ ဘူးလို့ RFA ကို ယခင်က တုံ့ပြန်ထားပါတယ်။
မေလထဲမှာပဲ သထုံခရိုင်ထဲမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်လုပ် ခဲ့ပြီး အရပ်သားတွေရဲ့ နေအိမ် ၁၁ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ KNU က ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်လည်း တစ်လအတွင်း အရပ်သား နှစ်ယောက် သေဆုံးခဲ့ပြီး သုံးယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ BGF တပ်ဖွဲ့တွေက အရပ်သားတွေကို ပေါ်တာအဖြစ် ဖမ်းဆီးခေါ် ဆောင်တာ၊ ဒေသခံတွေရဲ့ စားသောက်ကုန်၊ လယ်ယာသုံး ကျွဲ၊ နွားနဲ့ အခြားပစ္စည်းတွေကို ယူဆောင်တာ၊ စိုက်ခင်းတွေကို မီးရှို့ဖျက်ဆီးတာတွေလည်း ကျူးလွန်ခဲ့တယ်လို့ KNU က ထုတ်ပြန်ပြောဆိုထားပါတယ်။