စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မူးကမ်း - ဆူးတပ်ရွာမှာ စစ်ကောင်စီတပ်က ဩဂုတ်လ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ တပ်စွဲပြီး မီးရှို့ခဲ့ကြတာကြောင့် နေအိမ် ၅၀၀ ကျော် မီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ နဂါးဘိုရွာဘက်ကနေ ဝင်လာတဲ့စစ်ကြောင်းဖြစ်ပြီး ဆုံးရှုံးမှုပမာဏ များတာကြောင့် ဒေသခံတွေအနေနဲ့ ဖြေမဆည်နိုင်အောင် ဖြစ်နေကြရတယ်လို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ ဒေသခံ ကျေးရွာသားတစ်ဦးက ပြောပါတယ်။
“အရင်ကလည်း တစ်ခါရှို့ပြီးသား၊ အခုက ဒုတိယအကြိမ် ရှို့ခံရတာ၊ အရင်ရှို့ခံရလို့ လူနေရုံပြန်ဆောက်နေတဲ့ အိမ်တွေပါ ထပ်လောင်တာ၊ ဆုံးရှုံးမှု များကြပါတယ်။ လူကြီးတွေဆို စိတ်ဓာတ်တွေပါ ကျနေကြပြီ၊ ရှေ့ဆက်ဘယ်လိုရပ်တည်ကြရမလဲ မသိသေးပါဘူး၊ အခုလည်း လူငယ်တွေနဲ အမျိုးသားတွေက သန့်ရှင်းရေးလုပ်ဖို့ ရွာ အခြေအနေ ဝင်ကြည့်နေတာ၊ လူကြီးတွေက ဝင်မလာကြသေးဘူး၊ ရှောင်နေကြတုန်းပဲ“
မူးကမ်း - ဆူးတပ်ရွာကို မီးရှို့ခဲ့တဲ့ အဲဒီစစ်ကြောင်းမှာ စစ်ကောင်စီကဖွဲ့ထားတဲ့ ပြည်သူ့စစ် လို့ခေါ်တဲ့ ပျူစောထီး အဖွဲ့တွေပါ ပါဝင်တယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ စစ်ကောင်စီ တပ်ရင်းအမည်ကိုတော့ မသိရဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ဟာ မူးကမ်း - ဆူးတပ်ရွာမှာ နှစ်ညအိပ် သုံးရက် တပ်စွဲသွားပြီးနောက် ဒီနေ့မှာတော့ လက်လှုပ်ရွာကို ဆက်လက်ရောက်ရှိနေပြီး အဲဒီရွာမှာ လည်း အလားတူ နေအိမ်မီးရှို့ခံရတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။