ရန်ကုန် စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ရွာသာကြီးနယ်မြေဥက္ကဋ္ဌ ကိုခန့်သူ အောင် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၂၄ ယောက်ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်နေ့ ညနေပိုင်းမှာ အင်းစိန်ထောင်ကနေ သာယာဝတီထောင်ကို ပြောင်းရွှေ့ခံလိုက်ရတယ်လို့ အဲဒီသမဂ္ဂက ဩဂုတ် ၆ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ အင်းစိန် အကျဉ်းထောင်ကို အသစ်ပြောင်းလာတဲ့ ထောင်ပိုင် ဦးဇော်လင်းအောင်ဟာ လက်ရှိ နိုင်ငံ ရေးအကျဉ်းသား ရာနဲ့ချီကို ထောင်အပြောင်းအရွှေ့တွေ လုပ်နေတာလို့ ပြောပါတယ်။
ဘားအံထောင်ကနေ ပြောင်းရွှေ့လာတဲ့ လက်ရှိ အင်းစိန်ထောင်ပိုင်ဟာ နိုင်ငံရေးအကျဉ်း သားတွေကို ဦးချိုးနေတာလို့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်က RFA ကို ပြောပါတယ်။
"ပြီးခဲ့တဲ့ ၅ ရက်နေ့ကလည်း ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌပါတဲ့ နိုင်ကျဉ်း ၁၂၀ ကျော်ကို ထောင်ရွှေ့လိုက်တယ်။ သူက ဘားအံထောင်မှာကတည်းက နာမည်ကြီးတာပေါ့။ အခု ထောင်ထဲမှာ အခြေအနေတွေက အရမ်းရှုပ်ထွေးနေတယ်။ ထောင်သားတွေ အများကြီး ထဲကမှ နိုင်/ကျဉ်းတွေကိုပဲ ဦးချိုးနေတဲ့ သဘောပေါ့"
အင်းစိန်ထောင်တွင်း စစ်ဆေးနေတဲ့ အထူးတရားရုံး တရားခွင်တွေမှာလည်း နိုင်/ကျဉ်းတွေ အတွက် အမှုလိုက်ပေးနေတဲ့ ရှေ့နေတွေကို တင်းကျပ်တာတွေ လုပ်တဲ့အပြင် ရှိပြီးသား ထောင်တွင်းစည်းကမ်း တချို့ကိုပါ ထပ်မံတင်းကျပ်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထောင်ပိုင်အသစ်ဟာ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်ညှဉ်းပန်းမှု တွေတွေပါ လုပ်နေတယ်လို့ အင်းစိန်ထောင်နဲ့ နီးစပ်သူတွေက ပြောပေမယ့် RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ်လ ၅ ရက်နေ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ တစ်နိုင်ငံလုံးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၁၁,၉၂၅ ဦးရှိပြီး ထောင်ဒဏ်ချမှတ်ခံထားရသူ ၁,၃၇၅ ဦးနဲ့ အသတ်ခံခဲ့ရသူ ၂,၁၅၈ ဦး ရှိနေပြီဖြစ် ပါတယ်။