စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ အဖွဲ့အစည်းပေါင်း ၃၀ ကျော် တိုက်တွန်း
စစ်ကောင်စီက ကျင်းပဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီအရွေ့မဟုတ်ဘဲ စစ်အာဏာရှင်ကို အသွင်ပြောင်းဖို့အတွက် နိုင်ငံရေးထွက်ပေါက်ရှာတာဖြစ်လို့ ဆန့်ကျင်ကြ ဖို့ အဖွဲ့အစည်းပေါင်း ၃၃ ဖွဲ့က ဇွန်လ ၁၃ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
အခုထုတ်ပြန်ချက်မှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အထွေထွေသပိတ်တပ်ပေါင်းစု (GSC)၊ လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ (GSCN)၊ အထွေထွေသပိတ်ပေါင်းစပ် ညှိနှိုင်းရေးအင်အားစု (GSCB) စတဲ့ အဖွဲ့အစည်းတွေ အပါအဝင် စစ်ကောင်စီကို ဆန့်ကျင် နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်ပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ သူတို့အဖွဲ့အစည်းတွေရဲ့ ရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးအပိုင် ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး စတဲ့ အချက်တွေ နဲ့လည်း သွေဖည်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ပြည်သူလူထုအနေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့နဲ့ မပူးပေါင်း ကြဖို့ ရည်ရွယ်ပြီး အခုလိုထုတ်ပြန်ရတာလို့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အထွေထွေ သပိတ်တပ်ပေါင်းစု (GSC) အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"အာဏာသိမ်းကာလ တစ်နှစ်ကျော်လာတဲ့အခါမျိုးမှာ စစ်အုပ်စုဘက်က ရွေးကောက်ပွဲ လေသံပစ်လာတယ်။ စစ်အုပ်စုက ထွက်ပေါက်အနေနဲ့သုံးလာတဲ့ ပုံစံမျိုးလို့ သုံးသပ် ရတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်အုပ်စုက ပစ်တဲ့ လေသံမှာ မယိမ်းယိုင်သွားမိ စေဖို့ လူထုကိုယ်တိုင်က စစ်အုပ်စုရဲ့ အတုအယောင် ရွှေရည်စိမ် ရွေးကောက်ပွဲဖြစ်တယ် ဆိုတာမျိုးကို သိစေချင်တယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လူထုတစ်ရပ်လုံး ဆန့်ကျင် ကြဖို့၊ မပူးပေါင်းကြဖို့ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ ထုတ်ပြန်တာပါ"
၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံဘဲ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာ သိမ်းခဲ့ပါတယ်။
လာမယ့်ရွေးကောက်ပွဲကိုတော့ အချိုးကျကိုယ်စားပြုစနစ် (PR) ကို အသုံးပြုပြီး ၂၀၂၃ သြဂုတ်လလောက်မှာ ကျင်းပသွားမယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာ အားနည်းချက် အနည်းငယ်ရှိပေမယ့် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေက ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ ထုတ်ပြန်ပြောဆိုထားကြပါတယ်။