ပုသိမ်ထောင်က အကျဉ်းသားသုံးရာခန့် မြောင်းမြထောင်ပြောင်းရွှေ့ခံရ

RFA Burmese
2024.08.27
ပုသိမ်ထောင်က အကျဉ်းသားသုံးရာခန့် မြောင်းမြထောင်ပြောင်းရွှေ့ခံရ ဧရာဝတီတိုင်း၊ မြောင်းမြ အကျဉ်းထောင်အား ၂၀၁၉ ခုနှစ်၊ မေလ အတွင်းက တွေ့ရစဉ်။
စစ်ကောင်စီပြန်ကြားရေး

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ငါးဆယ် အပါအဝင် အကျဉ်းသား သုံးရာခန့် (၂၇၅ ဦး) ဟာ ဩဂုတ်လ ၂၅ ရက်က မြောင်းမြအကျဉ်းထောင်ကို ပြောင်းရွှေ့ခံလိုက်ရတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ပုသိမ်မြို့ကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်လာနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်ကောင်စီက အခုလို ထောင်ပြောင်းရွှေ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက RFA ကို ပြောပါတယ်။

"အကျဉ်းသား ၂၇၅ ဦးမှာ နိုင်ငံရေးအကျဉ်းသား အမျိုးသား ငါးဆယ် ပါတယ်။ နောက်ထပ်လည်း ထပ်ပြောင်းဖို့ အစီအစဉ်မျိုးတွေ ရှိတယ်။ သူက ဘယ်လိုလူမျိုးတွေပြောင်းလဲဆိုတော့ ဆယ်နှစ်အောက်နဲ့ သေဒဏ်၊ ကြိုးမိန့်ကလွဲလို့ ကျန်တဲ့အကျဉ်းသားတွေကို ပြောင်းတယ်လို့ သိထားပါတယ်"

လာမဲ့ ရက်အနည်းငယ်မှာလည်း ပုသိမ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် တခြားအကျဉ်းသားတွေကို ရန်ကုန် အင်းစိန်အကျဉ်းထောင်ကို ထပ်မံပြောင်းရွှေ့ဖို့ ရှိနေတယ်လို့ သူက ပြောပါတယ်။

အခုထောင်ပြောင်းရွှေ့မှုမှာ နယ်စပ်ဖြတ်ကျော်မှုအပါအဝင် တခြားအမှုနဲ့ အကျဉ်းသားတွေလည်း ပါဝင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဩဂုတ်လ ၂၇ ရက်နေ့ ထုတ်ပြန်ပါတယ်။

ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဋ္ဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးနဲ့ ဧရာတီတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

ဇူလိုင်လကစပြီး မြောင်းမြအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေနဲ့ ရာဇဝတ်အကျဉ်းသားတွေက ရိုက်နှက်နှိပ်စက်မှုနဲ့ ငွေကြေးတောင်းခံမှုတွေအပြင် အလုပ်ခိုင်းစေမှုတွေ ဆိုးဆိုးရွားရွား လုပ်လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဩဂုတ်လ ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။