တပ်ရင်း သုံးခု ရှိလို့ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ထိခိုက်မှုမရှိကြောင်း တပ်မတော်ပြော


2019-05-27
Share
zawmintun-622.jpg နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ ၂၀၁၉၊ မေ ၂၇ ရက်နေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ဦးဒေသမှာ တပ်မတော် တပ်ရင်း သုံးခုရှိတဲ့အတွက် မြောက်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို ထိခိုက်မှုမရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ ဒီနေ့ ကျင်းပတဲ့ အစိုးရ သက်တမ်း တတိယ မြောက်ကာလအတွင်း ဆောင်ရွက်ခဲ့တဲ့အခြေအနေနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန သုံးခုရဲ့ သတင်းစာရှင်းလင်းပွဲမှာ RFA ရဲ့ မေးမြန်းချက်အပေါ် အဲဒီလို ပြောကြားခဲ့တာပါ။

အဲဒီ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ တပ်စခန်းတွေကြောင့် ထိခိုက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ AA အဖွဲ့ ရခိုင်မှာ ဝင်ရောက်လာတဲ့အချိန်ကသာ စတင်ခဲ့တာဖြစ်ကြောင်းနဲ့ တပ်စခန်းတွေရှိနေတာ အခုမှမဟုတ်ဘဲ နှစ်ပေါင်း ၃၀ နီးပါး ကြာမြင့်နေပြီဖြစ်ကြောင်းလည်း ပြောပါတယ်။

မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို ယူနက်စကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်ဖို့ ကြိုးစားနေရာမှာ မြောက်ဦးဒေသမှာ တပ်မတော် တပ်စခန်းတွေ အခြေစိုက်တည်ရှိနေတဲ့အတွက် ထိခိုက်မှုရှိတယ်ဆိုပြီး ဝေဖန်တာတွေရှိခဲ့တာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ မန္တလေးမြို့က နန်းတွင်းရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို ယဉ်ကျေးမှုနယ်မြေအဖြစ် ထိန်းသိမ်းစောင့်ရှောက်ပေးဖို့အတွက် တပ်ချထားမှုကို ဖယ်ရှာပေးဖို့ တောင်းဆိုတာတွေရှိနေတဲ့အပေါ်မှာ အရင်ကလည်း တချို့နေရာတွေမှာ ဖယ်ရှားပေးတာတွေရှိခဲ့ကြောင်းနဲ့ နောက်ပိုင်းမှာ ဆက်လက်ပြုလုပ်ဖို့ရှိတဲ့ အစီအစဉ်တွေကိုတော့ ကြိုတင်မပြောနိုင်သေးကြောင်း RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့