ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပေါက်တောပြင်ကျေးရွာကို မနေ့က ရောက်လာတဲ့ တပ်မတော်စစ်ကြောင်းက လမ်းပြအဖြစ် ခေါ်ဆောင်သွားတယ်လို့ ဆိုတဲ့ ဒေသခံ အမျိုးသမီး ရှစ်ယောက်နဲ့ အမျိုးသား နှစ်ယောက် ထွက်ပြေး လွတ်မြောက်လာတယ်လို့ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက RFA ကိုပြောပါတယ်။
အောက်တိုဘာလ ၁၂ ရက် မနေ့ည ၆ နာရီခွဲလောက်က ရန်ကုန်-စစ်တွေ ကားလမ်းကနေ မြောက်ဦးမြို့နယ် ပေါက်တောပြင် ကျေးရွာထဲကို သေနတ်ပစ်ဖောက်ဝင်ရောက်လာတဲ့ တပ်မတော်စစ်ကြောင်းတစ်ခုက ရွာသားတွေကို စစ်ဆေးမေးမြန်းပြီးတဲ့နောက် အမျိုးသမီး ရှစ်ယောက်နဲ့ အမျိုးသား နှစ်ယောက်ကို ရွာအရှေ့ဘက် သင်းကျစ်တောင်ပေါ်ကို လမ်းပြအဖြစ် ရှေ့ကနေထားပြီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"သူတို့က ရန်ကုန် စစ်တွေ ကားလမ်းပေါ့၊ အဲဒီကားလမ်းကနေပြီးတော့ သူတို့က သေနတ်နဲ့ပစ်ဖောက်ပြီးတော့ လာတာ၊ ညခြောက်နာရီခွဲမှာလေ တပ်မတော်စစ်ကြောင်းက သင်းကျစ်တောင်ဘုရားကိုတက်တယ်၊ ဘုရား တက်တော့ လမ်းတဝက်မှာ ပစ်ကြတာပေါ့၊ သူ့ဘက်ကိုယ့်ဘက်ဖြစ်ကြတာပေါ့ ဒါပေမဲ့ သေတာပျောက်တာတော့ ဦးအနေနဲ့ မသိနိုင်ဘူး၊ ဒါပေမဲ့ဖြစ်တော့ဖြစ်တယ်၊ စစ်ကြောင်းကတော့ သင်းကျစ်တောင်ဘုရားရောက်သွားပြီ၊ ကျွန်တော်တို့ ပေါက်တောပြင်ရွာကတော့ မိန်းကလေး ရှစ်ယောက်ရယ် ယောက်ကျားလေး နှစ်ယောက်ရယ် သူတို့ကခေါ်သွားတယ်၊ ခေါ်သွားတော့ ရှေ့ကသွားခိုင်းတာပေါ့၊ ရွာသားတွေတော့ အကုန်ရောက်ပြီ၊ မိန်းကလေးတွေရော ယောက်ကျားလေးတွေရော အကုန်ရောက်ပြီ၊ ဘာမှတော့ ထိခိုက်မှုမရှိဘူး၊ သူတို့ကို တပ်မတော် စစ်ကြောင်းကလည်း ပြန်လွှတ်ပေးလိုက်တာပေါ့"
အမည်မဖော်လိုတဲ့ ပေါက်တောပြင်ရွာ ဒေသခံတစ်ယောက် ပြောသွားတာပါ။
အဲဒီလိုခေါ်ဆောင်သွားပြီး မိနစ်နှစ်ဆယ်ခန့်အကြာ တောင်ထိပ်ပေါ် မရောက်ခင်မှာ တပ်မတော်နဲ့ AA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပေမယ့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာ မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။
ခေါ်သွားတော့ ရှေ့က သွားခိုင်းတာပေါ့
တိုက်ပွဲကြောင့် ရွာခံတွေဟာ နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေး ခိုလှုံနေကြပြီး ရွာထဲမှာလည်း အမျိုးသမီး အများစုသာ ကျန်ရှိတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်နေတဲ့ ပေါက်တောပြင်ဒေသခံ အမျိုးသားတစ်ယောက်ကလည်း ဒီသတင်းကို ကြားပေမယ့် အတိအကျတော့ မသိဘူးလို့ RFA ကိုပြောပါတယ်။
"ကျွန်တော်က ရွာမှာတော့မဟုတ်၊ အဲဒီလိုတော့ သတင်းကြားတယ်၊ သူတို့က တိုက်ပွဲဖြစ်ပြီးမှ အဲဒီက AA ကလူတွေ ပြန်ခေါ်သွားတယ်လို့ကြားတယ်၊ ကျွန်တော်လည်းမသိ မြောက်ဦးမှာရောက်နေတာ အတိအကျမသိ၊ သတင်းကြားတာ အတိအကျတော့မသိ"
မြောက်ဦးမြို့နယ် ပြည်နယ်လွှွတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်ကတော့ ဒီဖြစ်စဉ်အပေါ် မှန်ကန်ကြောင်း RFA ကို အတည်ပြုပြောပါတယ်။

"သိထားတာကတော့ အဲဒီရွာဘက်က အမျိုးသမီး ရှစ်ယောက်ရယ် ကလေးတစ်ယောက်ရယ် နောက်ပြီးတော့ ဆွမ်းဒကာတစ်ယောက် ရယ် အဲဒီလူ ၁၀ ယောက်ကို စစ်ကြောင်းတစ်ခုက ခေါ်သွားတယ်၊ အခုတော့ အိမ်ကိုပြန်ရောက်နေပြီလို့ ပြောပါတယ်၊ အဲဘက်က ရွာသားတွေကတော့ အဲလိုပြောကြပါတယ်၊ တိုက်ပွဲဖြစ်တယ်လား မဖြစ်ဘူးလား အဲသူတို့ဘက်ရွာသားတွေပြောတာတော့ တိုက်ပွဲဖြစ် တယ်လု့ိ ပြောတယ်"
ဒီကိစ္စနဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA က ဆက်သွယ်မေးမြန်းရာမှာ ပေါက်တောပြင်ဘက်မှာ သူတို့တပ်တွေ မရှိကြောင်း ငြင်းဆိုပါတယ်။
"အဲဒါမဟုတ်ဘူး၊ ကျွန်တော်တို့မနေ့က ပေါက်တောပြင်ကို မရောက်ဘူး၊ ပေါက်တောပြင်ကို မရောက်သလို ကျွန်တော်တို့ တပ်တွေလည်း ပေါက်တောပြင်မှာ မရှိဘူး၊ ပေါက်တော့ပြင်တော့ မဟုတ်ဘူး ကျွန်တော်တို့ ထမရဇ်ပေါ့၊ မနေ့တုန်းက ကျွန်တော်တို့ တမြန်မနေ့က မီးသတ် တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေကိုခေါ်သွားတာ ခေါ်သွားတဲ့နောက်ကို ကျွန်တော်တို့ နောက်ကနေလိုက်ပြီးတော့ စစ်ကြောင်းတွေထိုးပြီးတော့မှ နယ်မြေရှင်း လင်းရေး လိုက်လုပ်တာပေါ့၊ အဲလိုနယ်မြေရှင်းလင်းရေး လုပ်တဲ့တပ်နဲ့ မနေ့ကတော့ ထိတွေ့မှုဖြစ်တာ၊ ကျွန်တော်တို့ဆီက အလောင်း၊ လက်နက်ရတာတော့ရှိတယ်၊ အခုတော့ ဆက်ပြီးတော့မှ လိုက်ပြီးတော့မှ လုပ်ဆဲရှိသေးတာပေါ့၊ အဲအဆင့်ပဲပြောလို့ရမယ်၊ ကျန်တာတော့ပြောလို့မရဘူး"
သင်းကျစ်တောင်မှာ တိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော် AA ရဲ့ ပြန်ကြားရေး တာဝန်ခံခိုင်သုခကို RFA ကဆက်သွယ်ထားပေမယ့် ဒီကနေ့ညနေပိုင်းအထိ အကြောင်းပြန်တာ မရှိသေးပါဘူး။
တိုက်ပွဲတွေအတွင်း ဒေသခံတွေ အရပ်သားတွေကို လမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်တာ၊ လူသားဒိုင်းအဖြစ် အသုံးပြုတာ၊ မသင်္ကာသူတွေကို ဖမ်းဆီးစစ်ဆေးတာ၊ ခရီးသွားပြည်သူတွေနဲ့ အစိုးရဝန်ထမ်းတွေကို ဖမ်းဆီးတာတွေ မကြာခဏဖြစ်ပေါ်နေပေမယ့် တပ်မတော်နဲ့ AA နှစ်ဖက်စလုံးကတော့ သူတို့လုပ်တာ မဟုတ်ဘူးလို့ အမြဲငြင်းဆိုကြပါတယ်။
သြဂုတ် ၂၁ ကနေ စက်တင်ဘာ ၂၀ အထိ ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲဖြစ်မှုကလည်း အကြိမ် ၄၀ နီးပါး ရှိပါတယ်။
တိုက်ပွဲတွေကြောင့် စစ်ဘေးသင့်ရသူ အရေအတွက် ခြောက်သောင်းကျော်အထိရှိနေသလို အရပ်သား သေဆုံးသူ ကိုးဆယ် နီးပါးရှိပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ ဒီနေ့အထိ တပ်မတော်က သံသယနဲ့ ဖမ်းဆီးစစ် ဆေးခံနေရတဲ့သူကလည်း ရာချီရှိနေပါပြီ။
(RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့သည်)