ရခိုင်က စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးခွင့်ပြုဖို့ MSF အဖွဲ့ တောင်းဆို

ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတာတွေ အပေါ် စိုးရိမ်ပူပန်ကြောင်းနဲ့ အရေးပေါ် အကူအညီလိုအပ်တဲ့သူတွေကို ကူညီနိုင်ရေး ခွင့်ပြုဖို့ အစိုးရထံ ခွင့်တောင်း ထားကြောင်း နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်မှာ တပ်မတော်နဲ့ AA ရခိုင်တပ်မတော်တို့အကြား ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ် နေရာအနှံ့အပြားမှာ နေရပ်စွန့်ခွာ တိမ်းရှောင်ရတာတွေကြောင့် အရေးပေါ် အကူအညီလိုအပ်နေ သူတွေကို ကူညီဖို့ MSF အဖွဲ့တွေအနေနဲ့ စစ်တွေနဲ့ မောင်တောမှာ အဆင်သင့်ရှိနေကြောင်း ပါရှိပါတယ်။

MSF အဖွဲ့အနေနဲ့ နေရပ်စွန့်ခွာတိမ်းရှောင်သူတွေကို ဆေးကုမှုအကူအညီတွေ ပေးသွားဖို့အတွက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကိုလည်း ကမ်းလှမ်းထားကြောင်းပါရှိပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်ကတော့ MSF ဘက်က အဲဒီလိုကမ်းလှမ်းထားတာမျိုး ဝန်ကြီးဌာနအနေနဲ့ တရားဝင်မသိ ရသေးကြောင်း နဲ့ တကယ်လို့ ကမ်းလှမ်းလာရင်လည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်ရ မှာဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန တစ်ခုတည်းနဲ့ ဆုံးဖြတ်ဆောင်ရွက်ပေးလို့မရကြောင်း RFA ကို ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အဖွဲ့က အကြမ်းဖက်တိုက်ခိုက်မူတွေအပြီးနောက်ပိုင်း ၂၀၁၇ ခုနှစ် သြဂုတ်လကလည်း MSF အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်မှာ ဆေးကုသခွင့်ပေးဖို့ တောင်းခံခဲ့ပေမယ့် အစိုးရက ခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး AA နဲ့ တပ်မတော် တို့ ဒီနေ့အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာဖြစ်ပြီး နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ခြောက်ထောင်ခန့်ရှိနေပြီ ဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။