မူဆယ်ဒေသခံသုံးဦး အသတ်ခံရမှု စုံစမ်းဖို့ တပ်နဲ့ ရွာလူကြီးတွေ တွေ့ဆုံ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ တပ်မတော်က ထိန်းသိမ်းထားစဉ် ဒေသခံ သုံးယောက် အသတ်ခံရတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ တပ်မတော်ဘက်က စိစစ်ပေးမယ့်အကြောင်းနဲ့ ကျူးလွန်တယ်ဆိုပြီး စိစစ်တွေ့ရှိရရင် အရေးယူသွားမယ်ဆိုတဲ့ တုံ့ပြန်မှုရလိုက်တယ်လို့ တပ်မ ၉၉ တပ်မမှူးနဲ့ တွေ့ဆုံခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

တပ်မ ၉၉ တပ်မမှူးက ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တအာင်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့တွေကို တွေ့ဆုံမေးမြန်းခဲ့တဲ့အချိန်မှာ အသတ်ခံရသူတွေနဲ့အတူ ဖမ်းဆီးခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာသူတွေရဲ့ ထွက်ဆိုချက်တွေကို ရွာအကြီးအကဲတွေက တပ်မမှူးကို ပြောပြခဲ့ကြတာပါ။

အသတ်ခံရတဲ့ ဒေသခံ သုံးယောက်ကို တပ်မ ၉၉ က ဖမ်းဆီးသွားတယ်ဆိုတဲ့အချက်နဲ့ ပတ်သက်လို့ တအာင်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က ဩဂုတ် ၂၆ ရက်နေ့မှာ ကြေညာချက်ထုတ်ပြီး နောက်တနေ့ ၂၇ ရက်နေ့မှာ တပ်မမှူးက အခုလို တွေ့ဆုံ မေးမြန်းတာပါ။

သေဆုံးသွားသူတွေဟာ မူဆယ်မြို့နယ် နမ့်ကတ်ကျေးရွာအုပ်စု၊ မိုင်းဆတ်ရွာသစ်မှာနေတဲ့ အသက် ၄၀ အရွယ် ဦးညီလိတ်၊ မန်ကန်ရွာမှာနေတဲ့ အသက် ၂၈ နှစ်အရွယ် မိုင်ညီထွန်းနဲ့ နမ့်ခမ်းမြို့ လွယ်မွန်ရွာမှာနေတဲ့ မိုင်းအလုံတို့ဖြစ်ပါတယ်။

နမ့်ကတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညမ်မိုးက သေဆုံးသွားသူထဲက မိုင်းညီထွန်းနဲ့ ဦးညီလိတ်တို့ဟာ သူတို့ရွာက ရွာသားတွေဖြစ်ပြီး မီးသွေးဖုတ်တဲ့အလုပ်နဲ့ အသက်မွေးကြတာလို့ပြောပါတယ်။

ပျောက်ဆုံးသူတွေကို ဆယ်ရက်လောက်ကြာအောင် ရှာဖွေပြီးမှ လူပျောက်တိုင်နိုင်ရေး ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ ပြန်လွတ်လာသူတွေရဲ့ ပြောပြချက်အရ မိုင်းညီထွန်းကို ခေါ်ဆောင်သွားသူတွေဟာ လက်မောင်းမှာ တပ်မ ၉၉ဆို တဲ့တံဆိပ်တွေ ပါတယ်လို့ ထွက်ဆိုထားကြောင်း နမ့်ကတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညမ်မိုးက ပြောပါတယ်။

"ဘယ်တပ်လဲပေါ့၊ ကျနော်လည်းမေးတဲ့ စခန်းမှူးကလည်းမေးတယ်။ ဟုတ်တယ်တဲ့။ ကျနော်တို့ကို စစ်ဆေးနေတဲ့အချိန်မှာ ခေါင်းငုံ့ခိုင်းထားတယ်ပေါ့၊ အသတ်ခံရတဲ့ နှစ်ယောက်ကိုတော့ မှောက်ခိုင်းထားတယ်။ သားအဖ သုံးယောက်ကိုတော့ သာမာန်ရိုးရိုးပဲ ငုံ့ခိုင်းထားတယ်။ လှမ်းမြင်လိုက်တယ်ပေါ့ ၉၉ ကို၊ ကျနော်တို့က ဆက်မေးတယ်။ ၉၉ ဆိုတာ ဘယ်တပ်ရင်းလဲပေါ့။ အဲဒါတော့ ကျနော်မပြောတတ်ဘူးတဲ့။ ၉၉ ဆိုတာတော့ သေချာတယ်တဲ့။ ကျနော် သေသေချာချာကိုမေးတယ်။ "


မနေ့က တပ်မတော်နဲ့တွေ့ဆုံမှုမှာ ကာယကံရှင်တွေကိုယ်စား တပ်မတော်ဘက်က တပ်မ ၉၉တပ်မမှူး ဗိုလ်မှူးကြီးလှမိုးဆိုသူကို ပြောပြပေးခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး က ပြောပါတယ်။ တပ်မတော်ဘက်ကလည်း စိစစ်ပေးမယ့်အကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

တကယ်လို့ ကျူးလွန်ကြောင်း မှန်ကန်ခဲ့ရင် ကျူးလွန်သူတွေကို အရေးယူသွားမယ်လို့ တပ်မမှူးက ပြောခဲ့ကြောင်း သွားရောက်တွေ့ဆုံခဲ့တဲ့ တအာင်းစာပေနဲ့ယဉ်ကျေးမှုအဖွဲ့ နာယကလည်းဖြစ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တယောက်လည်းဖြစ်တဲ့ ဦးညီစိန်က ရှင်းပြပါတယ်။

"တပ်မနံပါတ်တပ်ပြီးတော့ ကျနော်တို့ထုတ်ပြန်ချက်ထဲမှာ ထည့်တယ်ဆိုတာကလည်း သက်သေအရာမြင်တဲ့ ပုဂ္ဂိုလ်ကနေပြီးတော့ မြင်လို့ပြောပြချက်အရ ထည့်ရတာဖြစ်ပါတယ်။ အဲဒါကို ဘယ်လိုမှလည်း မပြောပါဘူး။ ဒီ ၉၉ တပ်မှူးကနေပြီးတော့ သူ့ရဲ့တပည့်တပန်းတွေကို စစ်ဆေးမေးဦးမယ်လို့ ပြောပါတယ်။ စစ်ဆေးပြီးတော့ အမှန်တရားဖြစ်အောင် လုပ်ပေးမယ်လို့ ပြောပါတယ်။ တကယ်လို့ ဟုတ်တယ်ဆိုရင်လည်း ဟုတ်တဲ့အလျောက် မဟုတ်ရင်လည်း မဟုတ်တဲ့အလျောက်ဆိုတဲ့ သဘောပါ။"

သေဆုံးသွားခဲ့တဲ့ မန်ကန်ကျေးရွာက မိုင်းညီထွမ်းရဲ့အစ်မဖြစ်သူ မခမ်းအောင်ကတော့ စာပေနဲ့ယဉ်ကျေးမှု အဖွဲ့တွေကို တပ်က ခေါ်ယူတွေ့ဆုံတယ်ဆိုတာကို မသိသေးဘူးလို့ ပြောပါတယ်။ သူကတော့ သေဆုံးသွား သူတွေအတွက် တရားမျှတမှုရရှိဖို့ပဲ လိုလားနေပါတယ်။

"နောက်နောင်ဆို ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ ဘယ်တပ်မတော်ပဲ ဖြစ်ဖြစ်ပေါ့နော့ ၊ ပြည်သူလူထုအပေါ် အဲလိုမျိုးမဖြစ်စေချင်တော့ဘူး။ အဲလိုမျိုးမဖြစ်အောင် တောင်းဆိုပါတယ်ရှင့်။"


ဒေသခံ သုံးယောက်ရဲ့ ရုပ်အလောင်းတွေကို ဩဂုတ် ၂၁ ရက်က ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဌာန၊ မိသားစုဝင်တွေ၊ ရွာသားတွေ၊ မှုခင်းဆရာဝန်တွေရဲ့ရှေ့မှာ တူးဖော်ခဲ့ကြတာပါ။

အသတ်ခံထားရတဲ့ နေရာဟာ TNLA တအာင်းလွတ်မြောက်ရေးတပ်မတော် စခန်းချထားတဲ့ နေရာဟောင်းဖြစ်ပြီး ကြိုးချည်ခံထားရတဲ့ အနေထားတွေ တွေ့ခဲ့ရတယ်လို့ တအာင်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ အထွေထွေ အတွင်းရေးမှူး အိုက်သိန်းဝင်းက ပြောပါတယ်။

"သတ်ထားတဲ့နေရာက TNLA နေရာဟောင်းလို့ပြောတယ်။ ကတုတ်ကျင်းတွေရှိတယ်။ ကတုတ်ကျင်းမှာ ပစ်ပြီးမှ မြုပ်ထားတာ၊ မြေကြီးက သပ်သပ်တူးစရာမလိုတော့ဘူးလေ။ ကတုတ်ကျင်းဆိုတော့၊ မြေဖို့လိုက်တာ။ ဖို့လိုက်တဲ့နေရာနားမှာက သစ်ပင်တွေရှိနေတာ။ သူတို့သစ်ပင်မှာ ချည်ပြီးတော့မှ သတ်တယ်လို့ ကျနော်ထင်တယ်။ အလောင်းမှာ ကြိုးတွေနဲ့။ သူတို့နှိပ်စက်ပြီးဆုံးတာလား၊ အပစ်ခံရပြီးဆုံးတာလား ကျနော်မသိဘူး။"

တွေ့တဲ့ရုပ်အလောင်းတွေက ပုပ်ပွနေပြီဖြစ်လို့ ဒေသခံ သုံးယောက်ဟာ ဘာကြောင့် သေဆုံးရတယ်၊ ဘယ်လိုဒဏ်ရာနဲ့ သေဆုံးရတယ် ဆိုတာတွေကို မှုခင်းဆရာဝန်က ဘာမှတ်ချက်မှ ပေးလို့မရဘူးလို့ပဲ ပြောခဲ့တာကြောင့် ရိုးရာအတိုင်း မီးသင်္ဂြိုဟ်လိုက်ကြရတယ်လို့ အိုက်သိန်းဝင်းက ပြောပါတယ်။

ဒေသခံတွေ အသတ်ခံရတာ၊ တပ်မတော်က စစ်ဆေးနေတာတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီညနေ ၄နာရီအထိ အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး မူဆယ်ရဲစခန်းမှာ အမှု ဖွင့်ထားတာပါ။ စစ်ဆေးတွေ့ရှိချက် နောက်ဆုံး အခြေအနေကို သိရဖို့ မူဆယ်မြို့ရဲတပ်ဖွဲ့ကို RFA က ဆက်သွယ်ပေမယ့် ဖုန်းနဲ့ မဖြေနိုင်တဲ့အတွက် ရဲစခန်းကို လာရောက်မေးမြန်းဖို့သာ ပြောပါတယ်။

အခုလို နစ်နာတဲ့ မိသားစုဝင်တွေအတွက် အမှန်တရားနဲ့ တရားမျှတမှု ဖော်ဆောင်ပေးပြီး ပြစ်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့၊ ဒီလိုဖြစ်ရပ်မျိုးနဲ့ လူ့အခွင့်အရေး ချိုးဖောက်တာမျိုးကို ထပ်မကျူးလွန်ဖို့၊ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်နေတာနဲ့ စစ်ကြောင်းတွေ တိုးချဲ့နေတာတွေ ရပ်တန့်ပေးဖို့၊ အပြစ်မဲ့ပြည်သူတွေကို ဓားစာခံအဖြစ် အသုံးချနေတာကနေ ရပ်တန့်ပေးဖို့ တအာင်းစာပေနဲ့ယဉ်ကျေးမှု အဖွဲ့နဲ့ မိသားစုဝင်တွေက တောင်းဆိုကြပါတယ်။