ရိုဟင်ဂျာတွေပြန်ပို့ရေး ရပ်ဆိုင်းထားဖို့ ICG အစီရင်ခံစာထုတ်ပြန်

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို မြန်မာနိုင်ငံပြန်ပို့မယ့်ကိစ္စဟာ ဒုက္ခသည်တွေရဲ့ဆန္ဒအလျောက် မဖြစ်နိုင်တဲ့ အတွက် ဒီလုပ်ငန်းစဉ် မစတင်သင့်သေးဘူးလို့ နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ ICG က နိုဝင်ဘာလ ၁၃ ရက်နေ့က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

ဒုက္ခသည်တွေ သူတို့ဆန္ဒအလျောက် လုံလုံခြုံခြုံ၊ ဂုဏ်သိက္ခာရှိရှိ ပြန်တာမျိုး မဟုတ်သရွေ့ ဒုက္ခသည် ပြန်ပို့ရေး အစီအစဉ် ရပ်ဆိုင်းထားဖို့နဲ့ ရပ်ဆိုင်းထားချိန်အတွင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အရပ်ဘက် ကူညီရေးအဖွဲ့တွေ သတင်းမီဒီယာတွေကို ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူသားချင်းစာနာမှု အကူအညီတွေ သွားရောက်ဆောင်ရွက် ခွင့်ပြုပြီး ပကတိအခြေအနေကို လေ့လာခွင့်ပြုဖို့၊ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ နိုင်ငံတကာအနေနဲ့လည်း ဒုက္ခသည်တွေနဲ့ သေချာဆွေးနွေးပြီး သူတို့ရဲ့ ရှေ့ရေးတိုင်ပင်ကြဖို့၊ ဒုက္ခသည်ပြန်ပို့ရေးကို ကုလသမဂ္ဂနဲ့ UNHCR တို့က ဆက်လက် ကန့်ကွက်ပြီး စင်္ကာပူမှာကျင်းပနေတဲ့ အာစီယံထိပ်သီးဆွေးနွေးပွဲမှာလည်း ဒုက္ခသည်တွေရဲ့ ဆန္ဒအလျောက် နေရပ်ပြန်ရေးပဲဖြစ်စေဖို့ မြန်မာနိုင်ငံကို ဖိအားပေးဆောင်ရွက်ဖို့ ICG အစီရင်ခံစာက တိုက်တွန်းထားပါတယ်။