ပြန်သွားတဲ့ မွတ်စလင်တွေ ဖမ်းဆီးခံနေရဟု ကုလ အရာရှိပြောကြား

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Zeid Al Hussein ဇာရိ အယ်လ် ဟူစိန်က ဘင်္ဂလားဒေ့ရှ်ကနေ ရခိုင်ပြည်နယ် ပြန်သွားတဲ့ ရိုဟင်ဂျာမွတ်စလင် ၅၈ ဦးကို မြန်မာအာဏာပိုင်တွေက ဖမ်းဆီးပြီး အသေအချာ မသိရသေးတဲ့ စွဲချက်တချို့နဲ့ တရားစွဲထားတယ်လို့ မိမိတု့ိရုံးက သတင်းတွေရရှိထားကြောင်း ဂျနီဗာမြို့မှာ မနေ့က ပြောကြားပါတယ်။

အဲဒီလူတွေကို နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပေမယ့် ဘူးသီးတောင်အကျဉ်းထောင်ကနေ လက်ခံရေးစခန်းလို့ခေါ်တဲ့ အကျဉ်းစခန်းနဲ့ အလားတူတဲ့နေရာတခုကို ပို့ဆောင်ခဲ့တယ်လို့ သိရကြောင်းလည်း သူက ပြောပါတယ်။

ဒါ့အပြင် မစ္စတာ ဇာရိ က ရခိုင်ပြည်နယ်က မွတ်စလင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်ပြေးဝင် လာနေကြဆဲဖြစ်ကြောင်း၊ အခုနှစ်အတွင်း ထပ်မံရောက်ရှိသူ တသောင်းကျော်ရှိကြောင်းလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မနေ့က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက မိမိတို့အစိုးရအနေနဲ့ ရခိုင်ပြည်နယ် ပြသနာအတွက် ရေရှည်တည်တံ့မယ့် အဖြေရရှိရေးအတွက် အဓိကရည်မှန်းချက်ထား လုပ်ဆောင်နေပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Zeid Al Husein ဇာရိ အယ်လ် ဟူစိန် ရဲ့ ပြောကြားချက်တွေထဲမှာ မမှန်မကန် ချဲ့ကားချက်တွေပါဝင်နေတယ်လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။