စွပ်စွဲခံရမှုအတွက် အပြစ်မရှိကြောင်း ထောင်တွင်းတရားရုံးမှာ ဦးမြအေး ထုချေ

2022.02.17
စွပ်စွဲခံရမှုအတွက် အပြစ်မရှိကြောင်း ထောင်တွင်းတရားရုံးမှာ ဦးမြအေး ထုချေ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေးကို ၂၀၁၈ သြဂုတ် ၆ ရက်နေ့က တွေ့ရစဉ်
Photo: AFP

ရန်ကုန် အင်းစိန်ထောင်တွင်းတရားရုံးမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (ဂ) နဲ့ ဖမ်းဆီး တရားစွဲဆိုခံနေရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေးက သူ့မှာ အပြစ် မရှိကြောင်း မနေ့က တရားရုံးချိန်းမှာ ကိုယ်တိုင်ခုခံချေပခဲ့တယ်လို့ ဦးမြအေးရဲ့ အကျိုး ဆောင်ရှေ့နေက RFA ကို ဒီနေ့ ပြောပါတယ်။

သူ့အနေနဲ့ စွပ်စွဲခံနေရတဲ့ ပုဒ်မ ၅၀၅ (ဂ) အမှုအတွက် တရားခံပြသက်သေတွေ မတင်ဘဲ ကိုယ်တိုင်ခုခံချေပခဲ့တာလို့ ရှေ့နေ ဒေါ်တဉ္ဇာဦးက ဆိုပါတယ်။

“ကိုမြအေးကလည်း အဲဒီမှာပါလာတဲ့ အကြောင်းအရာတွေ အကုန်လုံးကိုလည်း ပြည်သူ လူထုကိုသော်လည် ကောင်း၊ ဆိုရှယ်မီဒီယာမှာသော်လည်းကောင်း တစ်ဦးတစ်ယောက် ကိုမှ လှုံ့ဆော်စည်းရုံးထားတာတွေ တစ်ခုမှ မပါဘူး။ အဲဒါကြောင့်မို့လို့ သူတို့စွပ်စွဲထား တဲ့ ၅၀၅ (ဂ) နဲ့က တိုင်းရင်းသား အချင်းချင်းကိုဖြစ်စေ၊ လူမျိုး အချင်းချင်းကိုဖြစ်စေ၊ လှုံ့ဆော်ထားတယ်လို့ စွဲထားတာကိုး။ အဲဒါ မမြောက်ဘူးဆိုတာကို ကိုမြအေးက ထုချေ ရှင်းလင်းထားတယ်။ သူတို့ စွပ်စွဲတာတွေကို ကျူးလွန်ခဲ့ခြင်း မရှိဘူးဆိုတာကိုပေါ့”

ဦးမြအေးဟာ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မနက်အစော ပိုင်းကတည်းက မင်္ဂလာတောင်ညွန့်က နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

၂၀၁၄ ခုနှစ်တုန်းက တရုတ်နိုင်ငံဘက်ကို ရေးသားပေးပို့တဲ့ အီးမေးလ် တစ်စောင်နဲ့ ပတ်သက်လို့ လူမျိုး အချင်းချင်းကိုဖြစ်စေ၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးဖြစ်စေ တစ်ဖက်နဲ့ တစ်ဖက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်ရာရောက်တယ်ဆိုပြီး မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းမှူး ဒုရဲမှူး ဇော်မင်းသူက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ဂ) နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဦးမြအေးကတော့ အီးမေးလ် ပေးပို့ခဲ့တာမှန်ပေမယ့် တစ်ဦးနဲ့တစ်ဦး အလာပသလာပ ပြောတဲ့ပုံစံမျိုးသာ ဖြစ်ကြောင်း တရားရုံးမှာ မနေ့က ပြောဆိုခဲ့တယ်လို့ အကျိုးဆောင် ရှေ့နေက ပြောပါတယ်။

ဦးမြအေးအနေနဲ့ တရုတ်နိုင်ငံကို သွားခဲ့တာဟာလည်း မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး တရားဝင်သွားခဲ့တာဖြစ်သလို နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးပွဲတွေနဲ့ နှစ်ဖက်သက်သေနေရာတွေမှာ ပါဝင်ခဲ့တယ် ဆိုတာတွေကိုလည်း သက်သေခံစာရွက်နဲ့ တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

အမှုအတွက် မနေ့က ထွက်ဆိုချက်ပေးပြီးတာကြောင့် ဒီကနေ့မှာတော့ လက်ရှိခံစားနေ ရတဲ့ နှလုံးရောဂါနဲ့ ဆက်စပ်တဲ့ ခြေထောက်ပိုးဝင်ထားတဲ့ အခြေအနေကို ပြင်ပဆေးရုံ တစ်ခုမှာ သွားရောက်ဆေးကုသမှု ခံယူခဲ့ရတယ်လို့ ရှေ့နေက ပြောပါတယ်။

ဦးမြအေး ရင်ဆိုင်နေရတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅(ဂ) ဟာ အမြင့်ဆုံး ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မတစ်ခုဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။