မြိုင်မှာ ရွာနှစ်ရွာ လေကြောင်းတိုက်ခိုက်ခံရပြီး မီးရှို့ဖျက်ဆီးခံရ
2024.10.31
မကွေးတိုင်း မြိုင်မြို့နယ် ပေါင်းတည်ရွာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၃၀ ရက်နေ့မှာ လေကြောင်းကနေတိုက်ခိုက်ပြီး အဲဒီနေ့ တစ်ရက်တည်းမှာပဲ ခြောက်သောင်းရွာကို မြေပြင်စစ်ကြောင်းက မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါင်းတည်ရွာကို တိုက်ခိုက်ရေးရဟတ်ယာဉ်နှစ်စီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ဘုန်ကြီးကျောင်း တစ်ကျောင်းနဲ့ နေအိမ်တစ်လုံးပျက်စီးပြီး လူတစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ခြောက်သောင်းရွာမှာတော့ နေအိမ် ၁၆ လုံး မီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေစကြိုမြို့အခြေစိုက် စစ်ကောင်စီတပ်သား အင်အားသုံးဆယ်ခန့်က မြိုင်မြို့နယ် လင်းကတောရွာ ရဲကင်းစခန်းကို ရိက္ခာပို့ပြီးအပြန် ခြောက်သောင်းရွာကို ဝင်ရောက် မီးရှို့ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"မနေ့က လင်းကတောစခန်းကနေ အပြန်မှာ စစ်တပ်က ခြောက်သောင်းရွာကို ဝင်မီးရှို့သွားတာ။ ခြောက်သောင်းရွာက နေအိမ် ၁၆ လုံး မီးရှို့ခံရတယ်ဗျ။ ပေါင်းတည်ရွာက ဘုန်းကြီးကျောင်းနဲ့ အိမ်တစ်အိမ်ကိုလည်း လေကြာင်းကနေ ပစ်သွားတယ်"
ရွာကိုမီးရှို့လို့ ဒေသခံတွေ ထွက်ပြေးနေချိန် စစ်ကောင်စီတပ်သားတွေက နေအိမ်တွေထဲက အဖိုးတန်ပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ သူက ပြောပါတယ်။
လင်းကတောရွာ ရဲကင်းစခန်းမှာ ရဲ နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားတစ်ရာခန့်က စားနပ်ရိက္ခာ ပြတ်လပ်နေလို့ အဲဒီကို ရိက္ခာပို့ချိန် လမ်းမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှိနေမှာ စိုးရိမ်တာကြောင့် လေကြောင်းကနေပါ လုံခြုံရေးယူပြီး ပစ်ခတ်ရှင်းလင်းတာမျိုး လုပ်ခဲ့တာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်နေ့ကလည်း မြိုင်မြို့ မြောက်ဘက် နှစ်မိုင်ခန့်ဝေးတဲ့ ကန်ကြီးတောရွာနဲ့ အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ် ရဟတ်ယာဥ်နဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် အဲဒီရွာက စာသင်ကျောင်းနဲ့ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။