နာဂ NSCN-K ဌာနချုပ် မြန်မာ့တပ်မတော် သိမ်းပိုက်

အိန္ဒိယနဲ့ နယ်စပ်အနီးက အိန္ဒိယ သူပုန်အဖွဲ့တဖွဲ့ဖြစ်တဲ့ နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K ရဲ့ ဌာနချုပ်ကို မြန်မာ့တပ်မတော်က ပြီးခဲ့တဲ့သတင်းပတ်အတွင်း ဝက်ရောက်သိမ်းပိုက်လိုက်ကြောင်း အိန္ဒိယအခြေစိုက် Deccan Chronicle သတင်းက ဖော်ပြပါတယ်။

နှစ်နိုင်ငံနယ်စပ် မြန်မာဘက်ခြမ်းက တောတောင်ထူထပ်တဲ့နေရာတွေမှာ အိန္ဒိယအစိုးရကို တော်လှန်ပုန်ကန်နေ ကြတဲ့ လက်နက်ကိုင်အဖွဲ့တွေ ဝင်ရောက်ခိုအောင်းနေကြတဲ့အတွက်၊ အဲဒီအဖွဲ့တွေကို လက်မခံ မောင်းထုတ်ပေးဖို့ အိန္ဒိယအစိုးရက မြန်မာအစိုးရအဆက်ဆက်ကို တိုက်တွန်းတောင်းဆိုနေခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ အင်အား ၅၀၀ ကျော် ပါဝင်တဲ့ မြန်မာတပ်ဖွဲ့တွေက အိန္ဒိယသူပုန်အဖွဲ့တွေ ခိုအောင်းရာ နေရာတွေကို ဖယ်ရှားရှင်းလင်းခဲ့ပြီး၊ နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN – K ဌာနချုပ်ကိုလည်း သိမ်းပိုက်ခဲ့ပါတယ်။

စုစုပေါင်းအင်အား နှစ်ထောင်လောက်ရှိတဲ့ အိန္ဒိယသူပုန်အဖွဲ့တွေဟာ မြန်မာဘက်ခြမ်းမှာ အခြေစိုက်ထားတဲ့ NSCN-K ရဲ့ စခန်းတွေကို အသုံးပြုနေကြတာကြောင့် အဲဒီအဖွဲ့တွေကို လက်ခံမထားဖို့ မြန်မာ့တပ်မတော်က သတိပေးခဲ့ပေမယ့် မလိုက်နာတဲ့အတွက် စခန်းကို သိမ်းပိုက်ခဲ့တာ ဖြစ်ကြောင်း၊ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။

အခုလို မြန်မာ့တပ်မတော်က အိန္ဒိယသူပုန်အဖွဲ့တွေကို ဖယ်ရှားရှင်းလင်းခဲ့ရာမှာ စစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့တာ မဟုတ်ဘဲ၊ မြန်မာနိုင်ငံတွင်းမှာ စခန်းသစ်တွေတည်ဆောက်ပြီး၊ ခိုအောင်းနေတာကို လက်မခံနိုင်တော့တာကြောင့် အိန္ဒိယဘက် ပြန်သွားကြဖို့ ပြောဆိုခဲ့တယ်လို့ Deccan Chronicle သတင်းက ဖော်ပြပါတယ်။