မြန်မာပြည်တွင်းမှာ တိုက်ပွဲတွေဖြစ်နေတာကို တရုတ်အစိုးရက မလိုလားဘဲ ဆွေးနွေးဖြေရှင်းဖို့ကိုသာ တိုက်တွန်းနေပြီး ဒါကိုလည်း တက်တက်ကြွကြွ ဆက်လုပ်သွားမယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရသူ Ms. Mao Ning မော်နင်က ပြောကြားလိုက်ပါတယ်။
သြဂုတ်လ ၉ ရက်နေ့မှာ ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူး ကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့ AFP သတင်းဌာနက မေးမြန်းခဲ့တာကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ဖြေကြားခဲ့တာလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးလူမှုကွန်ရက်မှာ သြဂုတ် ၁၁ ရက်နေ့က ဖော်ပြထားတာပါ။
AFP သတင်းထောက်က စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ကို ငြိမ်းချမ်းရေးကိစ္စဆွေးနွေးဖို့ သြဂုတ် ၈ ရက်နေ့မှာ တရုတ်က စီစဉ်ခဲ့ပေမဲ့ စစ်ကောင်စီက တက်ရောက်ဖို့ လူမစေလွှတ်ဘူးလို့ သိရကြောင်းနဲ့ ဒါနဲ့ပတ်သက်လို့ အတည်ပြုပေးဖို့ မေးမြန်းခဲ့ပေမဲ့ ဒါကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ထည့်သွင်းပြောခဲ့တာ မရှိပါဘူး။
မြန်မာနိုင်ငံက အဖွဲ့အစည်းအသီးသီးကို အပစ်အခတ်ရပ်စဲဖို့ တရုတ်အစိုးရက ဖျောင်းဖျနေပြီး မြန်မာတစ်နိုင်ငံလုံးနဲ့ မြောက်ပိုင်းဒေသ ပြန်လည်တည်ငြိမ်လာဖို့ မျှော်လင့်နေတယ်လို့သာ သူက ဖြေကြားခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူး ကိုယ်စားလှယ် မစ္စတာတန့်ရှီးကျွင်းဟာ နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့ သြဂုတ်လ ၈ ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲမှာ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အွန်လိုင်းလောင်းကစားပပျောက်ရေးနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။