မြန်မာ့နွေဦးတော်လှန်ရေးမှတ်တမ်းဇာတ်ကား ဘာလင်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဆုရရှိ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကာလအတွင်းအဖြစ်အပျက်တွေကို ရိုက်ကူးထားတဲ့ “Myanmar Diaries” မှတ်တမ်းရုပ်ရှင်ကားဟာ ဂျာမနီနိုင်ငံမှာ ကျင်းပတဲ့ (၇၂) ကြိမ်မြောက် ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆု ရရှိခဲ့ပါတယ်။

ကြာမြင့်ချိန် မိနစ် ၇၀ ရှိတဲ့ အဲဒီမှတ်တမ်းရုပ်ရှင်ကို လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြန်မာလူငယ် ရုပ်ရှင်ဒါရိုက်တာ ၁၀ ဦးက စုပေါင်းဖန်တီးထားတာ ဖြစ်ပြီး ဆုကြေးငွေအဖြစ် ယူရိုငွေ လေးသောင်း ရရှိမှာ ဖြစ်ပါတယ်။

ဆုကိုတော့ ချက်နိုင်ငံသား ဒါရိုက်တာ Petr Lom နဲ့ ဒတ်ချ်နိုင်ငံက ထုတ်လုပ်သူ Corinne van Egeraat တို့က ဖေဖော်ဝါရီ ၁၆ ရက်နေ့က ပြုလုပ်တဲ့ ၇၂ ကြိမ်မြောက် ဘာလင် ရုပ်ရှင်ပွဲတော်မှာ လက်ခံ ရယူခဲ့ကြပါတယ်။

အဲဒီဇာတ်ကားမှာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြမှုတွေ၊ အာဏာဖီဆန်မှုတွေနဲ့အတူ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်တပ်က လက်နက်အားကိုးပြီး ရက်ရက်စက်စက် အကြမ်းဖက် နှိမ်နင်းခဲ့ပုံတွေကို ရိုက်ကူးပြသထားပါတယ်။

မြန်မာလူငယ်တွေ ဖန်တီးတဲ့ ဒီရုပ်ရှင်ကို နယ်သာလန်က Zin ရုပ်ရှင်ထုတ်လုပ်ရေး၊ နော်ဝေက Ten Thousand Images နဲ့ မြန်မာနိုင်ငံက ဒါရိုက်တာတွေရဲ့ Myanmar Film Collective တို့က စုပေါင်းထုတ်လုပ်တာဖြစ်ပြီး မူပိုင်ခွင့်ရှိတာကတော့ Autlook Filmsales ကုမ္ပဏီက ဖြစ်ပါတယ်။

မြန်မာလူငယ် ရုပ်ရှင်ဒါရိုက်တာတွေ၊ နွေဦးတော်လှန်ရေးအတွင်း စစ်အာဏာရှင်တွေကို အာဏာရှင်ကို အသက်စွန့် တွန်းလှန်ခဲ့ကြတဲ့ လူငယ်သူရဲကောင်းတွေနဲ့ ဒီဇာတ်ကားအတွင်း ပါဝင်သူအားလုံးရဲ့ စွန့်လွှတ်စွန့်စားမှုတွေ အတွက် ဒီဆုကို ချီးမြှင့်တာလို့ ဆုရွေးချယ်ရေးအဖွဲ့က ပြောဆိုပါတယ်။