မြန်မာ့စီးပွားရေးကျဆင်းနေကြောင်း စစ်ကောင်စီပြော

လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး ကျဆင်းနေပြီး အခုလို ဖြစ်ရတာဟာ ပြည်တွင်း ထုတ်ကုန်တွေကို အားမပေးဘဲ သွင်းကုန်ကို အဓိကထားခဲ့တဲ့ မူဝါဒ အမှားကြောင့်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဇူလိုင်လ ၁ ရက် ဒီနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ခေတ်အဆက်ဆက်မှာ ပြည်တွင်း ထုတ်ကုန်များနဲ့ ပြည်တွင်းစီးပွားရေးကို အားမပေးဘဲနဲ့ သွင်းကုန်တွေကိုသာ အဓိကထားခဲ့တဲ့ မူဝါဒအမှားကြောင့် ဒီလို စီးပွားရေး ကျဆင်းရတာ ဖြစ်ပါတယ်" လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

စီးပွားရေး ကျဆင်းရခြင်းရဲ့ တခြားအကြောင်းရင်းတစ်ခုကတော့ ချေးငွေတွေကြောင့်လို့ စစ်ကောင်စီဘက်က ပြောပြီး သူတို့အနေနဲ့ နှစ်စဉ် အတိုး၊ အရင်း ချေးငွေ ဒေါ်လာသန်း ၇၀ လောက် ပေးဆပ်နေရတယ်လို့လည်း ဆိုပါတယ်။

စီးပွားရေး အခြေအနေနဲ့ GDP တိုးတက်မှုနှုန်းကလည်း ၂၀၁၆ ကနေ ၂၀၁၈ ခုနှစ်အထိ တိုးတက်ခဲ့ပေမယ့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကစပြီး ထက်ဝက်ခန့် ကျဆင်းသွားခဲ့တယ်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီက ပထမဆုံး ပြန်လည်သတ်မှတ်ခဲ့တဲ့ မီနီဘတ်ဂျက် ကာလအတွင်း ပြည်ပနိုင်ငံတွေနဲ့ ကုန်သွယ်မှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

မီနီဘတ်ဂျက်ကာလမှာ ပို့ကုန်အနေနဲ့ အမေရိကန်ဒေါ်လာ ၈ ဒသမ ၃ ဘီလီယံနီးပါး တင်ပို့ခဲ့ပြီး သွင်းကုန်အနေနဲ့ အမေရိကန်ဒေါ်လာ ရှစ် ဘီလီယံနီးပါး တင်သွင်းခဲ့တာကြောင့် ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်နဲ့ နှိုင်းယှဉ်ရင် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာသန်း ၁၆၀ ကျော် လျော့နည်းခဲ့တာ ဖြစ်ပါတယ်။

တရုတ်နဲ့ ကုန်သွယ်မှုကလည်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံကျော်ရှိခဲ့ပြီး ကာလတူ နှိုင်းယှဉ်ရင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံကျော် လျော့နည်း သွားခဲ့တယ်လို့ ISP Myanmar က ဖော်ပြပါတယ်။

Justice for Myanmar အဖွဲ့ကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာ စစ်တပ်နဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေအနေနဲ့ မပတ်သက်ကြဖို့ မကြာခဏ တိုက်တွန်းတောင်းဆိုမှုတွေ ရှိနေပါတယ်။

စစ်ကောင်စီ အနေနဲ့ ဒီလိုကျဆင်းနေတဲ့ စီးပွားရေးကို ပြန်လည် ဦးမော့လာစေဖို့ ဆောင်ရွက်နေတယ်လို့ ပြောပေမယ့် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်နဲ့ အလုပ်တွဲ မလုပ်ချင်လို့ဆိုပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုအချို့ ပြန်လည်ထွက်ခွာတာတွေလည်း ရှိခဲ့ပါတယ်။