မြို့ခုနစ်မြို့မှာ ရေဆက်ကြီးမယ်လို့ မိုးဇလပြော

RFA Burmese
2024.08.01
မြို့ခုနစ်မြို့မှာ ရေဆက်ကြီးမယ်လို့ မိုးဇလပြော ဒဂုံမြို့သစ်(မြောက်ပိုင်း)က ရပ်ကွက်တချို့ ရေကြီးနစ်မြုပ်မှုဖြစ်နေသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုတွေ ဖြစ်နေချိန်မှာပဲ မြို့ခုနစ်မြို့မှာ ရေကြီးမှုတွေ ဆက်ဖြစ်မယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဩဂုတ်လ ၁ ရက် ဒီနေ့မှာ ပြောပါတယ်။

ပဲခူးတိုင်း မဒေါက်၊ ရွှေကျင်နဲ့ ပဲခူးမြို့၊ ကရင်ပြည်နယ်က ဘားအံနဲ့ ဧရာဝတီတိုင်းက မအူပင်၊ သားပေါင်းနဲ့ ပုသိမ်မြို့တွေမှာ ရေကြီးမှုတွေ ဆက်ပြီးကြုံရမှာဖြစ်ပါတယ်။

ရေဆက်ကြီးမဲ့မြို့တွေရဲ့ မြစ်ရေဟာ နောက်တစ်ရက်အတွင်း အနည်းဆုံး သုံးလက်မနေ အများဆုံး တစ်ပေခန့်အထိ ကျဆင်းဖို့ရှိပေမဲ့ စိုးရိမ်ရေအမှတ်အထက် ဆက်ပြီးရှိနေမယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဩဂုတ်လ ၁ ရက် ဒီမနက်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုသိမ်မြို့ခံတစ်ဦးကတော့ မြစ်ကမ်းဘေးအနီးက ရပ်ကွက်တွေနဲ့ မြေအနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးမှုတွေရှိနေတယ်လို့ RFA ကို ပြောပါတယ်။

“ပြီးခဲ့တဲ့ရက်ကကျတော့ မိုးရွာတဲ့အရှိန်နဲ့ ရေတက်တာပေါ့။ အဲဒီအချိန်က ရေထရက်မဟုတ်သေးဘူး။ အခုကကျတော့ ရေထရက် (ဒီရေတက်ချိန်) ဖြစ်နေလို့ ရေတက်နေတာ။ မြစ်နားရပ်ကွက်တွေ၊ မြေနိမ့်ပိုင်းရပ်ကွက်တွေတော့ ရေဝင်နေတယ်”

ဧရာဝတီတိုင်းထဲမှာ ကျောင်းကုန်း၊ ငသိုင်းချောင်း၊ မအူပင် စတဲ့မြို့နယ်တွေအပါအဝင် ဆယ်မြို့နယ်နီးပါး ရေကြီးရေလျှံမှုတွေ ကြုံနေရတာပါ။

ဇူလိုင် ၂၇ ရက်ကစလို့ နိုင်ငံတစ်ဝန်း ရေကြီးရေလျှံတွေဖြစ်နေပြီး လူတစ်သိန်းနီးပါး ရေဘေးဒုက္ခကြုံနေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။