မြန်မာသစ်သီးကားတွေအတွက် ကိုဗစ်စည်းမျဉ်းတွေ တရုတ် ဖြေလျှော့

2022.06.03
Share on WhatsApp
Share on WhatsApp
မြန်မာသစ်သီးကားတွေအတွက် ကိုဗစ်စည်းမျဉ်းတွေ တရုတ် ဖြေလျှော့ တရုတ်နိုင်ငံကို တင်ပို့မည့် သရက်သီးတွေ ပြင်ဆင်နေတာကို ၂၀၂၂ ခုနှစ် မေလမှာ တွေ့ရစဥ်
Photo: Sai Khinmg
မြန်မာ-တရုတ်နယ်စပ် မူဆယ် ကျင်စန်းကျော့ဂိတ်ကတစ်ဆင့် တရုတ်နိုင်ငံဘက်ကို သစ်သီး တင်ပို့နေတဲ့ ကုန်ကားတွေကို တရုတ်အာဏာပိုင်တွေဘက်က ကိုဗစ်ရောဂါ စည်းမျဉ်းတွေ ဖြေလျှော့ပေးလိုက်တယ်လို့ မူဆယ်နယ်စပ်ကုန်သည်အချို့က RFA ကို ပြောပါတယ်။
 
အခုရက်ပိုင်းမှာ သစ်သီးတင်တဲ့ကားတွေကို ဆေးဖျန်းတာတွေ ဖြေလျှော့လိုက်သလို မြန်မာကုန်ကားတွေကို ယာဉ်မောင်းအစားထိုးစနစ်နဲ့ ဝင်ခွင့်ပြုလိုက်တယ်လို့ မူဆယ်မြို့ ဆန်စပါးကုန်စည်ဒိုင်အသင်း ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။
 
“အရင်က လေးနေရာဆေးဖျန်းရင် အခုတစ်နေရာပဲ ဆေးဖျန်းတော့တယ်။ အရင်က ကားတွေရော၊ အသီးတွေပါ ဆေးဖျန်းရတယ်။ အစားထိုးယာဉ်မောင်းလည်း ဆေးစစ်ရတယ်၊ ဆေးဖျန်းရတယ်။ အခု ဒါတွေကိုလည်း အများကြီး လျှော့ပေါ့ပေးလိုက်တယ်”
 
ဒီလို ဖြေလျှော့လိုက်တာကြောင့် အရင်က ဝင်ထွက်ဖို့ အခက်အခဲဖြစ်နေတဲ့ သစ်သီးကားတွေ တရုတ်နိုင်ငံထဲ ပုံမှန်ဝင်ထွက်ခွင့်ရလာသလို ပဲ၊ ပြောင်း၊ နှမ်း၊ ရော်ဘာ စတဲ့ ကုန်စည်တင်တဲ့ ကားတွေလည်း ဝင်ထွက်ခွင့်ပိုပြီး အဆင်ပြေလာတယ်လို့ ဆိုပါတယ်။
 
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ မေလ ၂၀ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ မူဆယ် ကျင်စန်းကျော့ဂိတ်ကနေ တရုတ်နိုင်ငံကို ကုန်စည်တင်ပို့မှု မြန်ဆန်စေဖို့ မြန်မာပို့ကုန်တွေကို အရင်လို တရုတ်ကားတွေနဲ့ ချိန်းပြောင်း တာမလုပ်ဘဲ တိုက်ရိုက်ဝင်ထွက်ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ထားပါတယ်။
 
သစ်သီးကားတွေအတွက် ဖြေလျှော့မှုအချို့ရှိ ခဲ့ပေမယ့် ကျန်တဲ့ကုန်စည်တင်တဲ့ကားတွေကတော့ ၁၀၅ မိုင် ဂိတ်မှာ ယာဉ်မောင်းအစားထိုးတဲ့စနစ်နဲ့ ကိုဗစ် စည်းမျဉ်းတွေအတိုင်း သွားနေရဆဲ ဖြစ်ပါတယ်။
 
တရုတ်မှာ ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ နယ်စပ်ဂိတ်တွေအားလုံးကို ပိတ်လိုက်တဲ့အတွက် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှု ယာယီပြတ်တောက်ခဲပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံက ဖရဲ၊ သခွား၊ နာနတ်၊ ငှက်ပျော စတဲ့ လယ်ယာထွက်ကုန်တင်ပို့တဲ့ ကုန်သည်တွေအတွက် ထိခိုက်နစ်နာခဲ့တယ်လို့ အဲ့ဒီကုန်သည်တွေက ပြောပါတယ်။
 
၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ မူဆယ် ကျင်စန်းကျော့ဂိတ်အပါအဝင် နယ်စပ်ဂိတ်တွေကို ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် ကိုဗစ် စည်းမျဉ်းကန့်သတ်ချက်နဲ့ တရုတ်အကောက်ခွန်စနစ် ပြောင်းလဲမှုကြောင့် နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ ကြန့်ကြာမှုတွေ ရှိခဲ့တယ်လို့လည်း ကုန်သည်တွေက ဆိုပါတယ်။
 
စစ်ကောင် စီးပွားကူးသန်းဝန်ကြီးဌာန စာရင်းတွေမှာတော့ ၂၀၂၀-၂၁ မှာ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းကနေ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄၀၇၅.၀၆၇သန်းရှိခဲ့ပြီး ၂၀၂၁-၂၂ ဘဏ္ဍာနှစ်မှာတော့ လက်ရှိ ကာလအထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၅၁.၆၆ ရှိတယ်လို့ ဖော်ပြထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။