ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နှင်ထုတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ပြစ်မှုအဖြစ် ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက စီရင်ပိုင်ခွင့်ရှိတယ်လို့ ဒီနေ့ ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်ပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့အကြောင်းနဲ့၊ နယ်စပ်ကိုဖြတ်ကျော်ပြီး နှင်ထုတ်ခဲ့တဲ့ သဘောသဘာဝအရ လုံလောက်တဲ့ စီရင်ပိုင်ခွင့် ရှိတဲ့အကြောင်း ICC ရဲ့ဆုံးဖြတ်ချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံကနေ နှင်ထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဆက်နွယ်ပြီး အမှုကို တရားဝင်မတင်သေးဘဲ၊ ဒီလိုလုပ်ရပ်ဟာ ICC ရဲ့ စီရင်ပိုင်ခွင့်နဲ့ အကျုံးဝင်မဝင်ဆိုတဲ့အပေါ် ရှေ့နေတွေက ICC တရားသူကြီးတွေဆီ အကြံဉာဏ် တောင်းခံခဲ့တဲ့အတွက် အခုလို ဆုံးဖြတ်လိုက်တာပါ။
