မြန်မာကို အရေးယူဖို့ HRW ပြောကြား

ရခိုင်ပြည်နယ်မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက လူ့အခွင့်အရေးချိုးဖေါက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး မြန်မာ အာဏာပိုင်တွေကို အရေးယူဖို့အတွက် ICC နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံးကို လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Zeid Al Husein ဇာရိ အယ်လ် ဟူစိန်က ဂျနီဗာမြို့မှာ မနေ့က ထပ်မံပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး HRW ခေါ် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ထောက်ခံတိုက်တွန်း တဲ့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။

အဲဒီကြေညာချက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး အတွက် မြန်မာအစိုးရနဲ့ ကုလအဖွဲ့အစည်း နှစ်ခုဖြစ်ကြတဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီး ရုံးနဲ့ UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးခဲ့တာဟာ လမ်းမှန်ကိုဦးတည်တဲ့ ခြေလှမ်းတရပ်ဖြစ်ကြောင်း၊ ဒါပေမဲ့ မြန်မာအစိုးရရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ဖို့ လိုကြောင်း၊ ကုလသမဂ္ဂအရာရှိတွေကို ပြည်ဝင်ခွင့်မပေးဘဲ ထပ်တလဲလဲ ငြင်းဆန်ခဲ့ပုံတွေနဲ့ ပွင့်လင်းမြင်သာမှု ကင်းမဲ့တဲ့အချက်တွေကိုထောက်ရင် အခု သဘောတူညီချက်တွေကို ဘယ်လောက် အကောင်အထည်ဖေါ်မှာ လဲဆိုတာ သံသယဝင်စရာဖြစ်ကြောင်းနဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရုံမျှနဲ့ မလုံလောက်ဘဲ လူ့အခွင့်အရေးချိုးဖေါက်ခဲ့သူတွေကို ထိထိရောက်ရောက် အရေးယူဖို့လိုကြောင်း စသဖြင့် HRW ခေါ် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ ဇူလိုင် ၄ ရက်နေ့စွဲနဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။