၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၁၄ ရက်ထိ အချိန်နှစ်ပတ်အတွင်း နယ်စပ် ကနေ အထောက်အထားမဲ့ဝင် ရောက်လာသူတွေထဲက မြန်မာအလုပ်သမား နှစ်ထောင်ကျော် ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
ဖေဖော်ဝါရီ လဝက်အတွင်းမှာပဲ ထိုင်းနိုင်ငံသား ပွဲစား ၁၈ ဦးနဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်ထောင်ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြား ထိုင်းနိုင်ငံအတွင်း တရားမဝင်လာနေကြတဲ့ အကြောင်းအရင်းတစ်ခုက ထိုင်းမြန်မာ နယ်စပ်ဂိတ်တွေ မဖွင့်သေးတာကြောင့်လည်း ဖြစ်ပြီး နှစ်နိုင်ငံသဘောတူညီမှု စာချွန်လွှာ (MOU) စနစ်နဲ့ မြန်မာလုပ်သားတွေကို အမြန်ဆုံး ပို့ဆောင်ပေးသင့်တယ်လို့ ဦးမိုးကြိုးက ဆိုပါတယ်။
“အဓိက ဒီပြဿနာရဲ့ ဇစ်မြစ်က နှစ်နိုင်ငံ ပူးပေါင်းအစီအစဉ်နဲ့ ဖွင့်လှစ်ရမယ့် နယ်စပ် ဂိတ်တွေ မဖွင့်တာ။ MOU စနစ်ရှိပါလျှက်နဲ့ နောက် ထိုင်းအစိုးရကနေပြီးတော့ အကုန်လုံး အဆင်သင့် ရှိနေပြီးတော့ မြန်မာနိုင်ငံဘက်က အလိုက်သင့်၊ အလျားသင့် အဆင်ပြေအောင် အဆင်သင့် မရှိတာ။ အဲဒီအဆင်သင့် မဖြစ်သေးဘူးဆိုတဲ့ စကားရဲ့ နောက်ကွယ်မှာ ကိုယ့်နိုင်ငံသားအချင်းချင်း ချနင်းချင်တဲ့ သဘော နှိပ်ကွပ်ချင်တဲ့ သဘော။ အများကြီးပါ။ ခိုးဝင်မှုဖြစ်အောင် သူများနိုင်ငံမှာ မျက်စိသူငယ် နားသူငယ် ဖြစ်အောင် တွန်းပို့နေသလို စစ်အစိုးရက လုပ်နေတယ်”
ထိုင်းအစိုးရက သူ့နိုင်ငံ စီးပွားရေးမှာ လိုအပ်ချက်အရ နှစ်နိုင်ငံသဘောတူညီမှု စာချွန်လွှာ MOU စနစ်နဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ခေါ်ယူမယ်လို့ ပြောဆိုထားပေမယ့် အခုချိန်ထိ မခေါ်သေးပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း အထောက်အထားမဲ့ ဝင်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား လေးထောင်ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
၂ဝ၂၁ ခုနှစ်မှာလည်း နယ်စပ်ကနေ တရားမဝင် ဝင်လာတဲ့ မြန်မာအလုပ်သမား ခြောက်သောင်းကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။