မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားက အလုပ်သမားတွေကို ထိုင်းမှာ ၂ နှစ် သက်တမ်း တိုးခွင့်ပြု


2020-11-16
Share
myanmar-workers-in-thai-622.jpg ထိုင်းနိုင်ငံ မဟာချိုင်က ငါး၊ ပုဇွန်ထုတ်လုပ်တဲ့ အလုပ်ရုံတစ်ခုမှာ မြန်မာအလုပ်သမားတချို့ကို ၂ဝ၁၀ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: NICOLAS ASFOURI / AFP

နှစ်နိုင်ငံသဘောတူညီချက် MOU နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံတွေက အလုပ်သမားတွေကို အလုပ်လုပ်ခွင့်သက်တမ်း ၂ နှစ် တိုးပေးလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၂၁ ဒီဇင်ဘာလအထိ အလုပ်လုပ်ခွင့်ရထားသူတွေကို နောက်ထပ် ၂ နှစ်သက်တမ်းတိုးပေးမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်တာ လေးနှစ်ပြည့်သွားတဲ့ MOU စာအုပ်ကိုင်ဆောင်ထားသူ အလုပ်သမားတွေကို သက်တမ်း ၂ နှစ် တိုးပေးဖို့ ထိုင်းဝန်ကြီးများ အစည်းအဝေးကနေ သဘောတူထားပြီး ဖြစ်ပါတယ်။

သက်တမ်းတိုးဖို့အတွက် လုပ်ငန်းရှင်တွေအနေနဲ့ အလုပ်သမားတွေကို ကျန်းမာရေးစစ်ဆေးပြီး ဆေးစာရွက်နဲ့အတူ အလုပ်အကိုင်ဌာနကို လျှောက်ထားရမှာဖြစ်ပြီး နေထိုင်ခွင့်ကိုတော့ လူဝင်မှုကြီးကြပ်ရေးဌာနကို လျှောက်ထားရမှာဖြစ်တယ်လို့ ထိုင်းဝန်ကြီးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စရာချ်ရှဒါ (Ms Rachada) က နိုဝင်ဘာ ၁၀ ရက် နေ့က ကြေညာခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ ဥပဒေအရေ  MOU နဲ့ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေဟာ ၄ နှစ် ပြည့်ရင် နေရပ်ပြန်ရမှာဖြစ်ပေမဲ့ အလုပ်အကိုင်ရှားပါးမှု၊ ကပ်ရောဂါအရေးပေါ် ကန့်သတ်ချက်တွေနဲ့ ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်တဲ့အနေနဲ့ နေရပ်ပြန်စရာမလိုဘဲ သက်တမ်းတိုးခွင့် ပြုလိုက်တာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံထဲ မြန်မာလုပ်သားတွေ ပြန်ခေါ်မယ်ဆိုရင် ကျန်းမာရေးစစ်ဆေးမှု ကုန်ကျစရိတ် ထိုင်းဘတ်ငွေ ၁ သောင်း ကနေ ၂ သောင်းထိ ကုန်ကျမှာ ဖြစ်ပြီး အဲဒီစရိတ်ကို အလုပ်ရှင်တွေဘက်က စိုက်ထုတ်ရမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၃ သန်းကျော်ရှိပြီး ကိုဗစ်ကပ်ဘေးကြောင့် အလုပ်အကိုင်မရှိတဲ့ မြန်မာလုပ်သား ၁ သိန်း ၃ သောင်းကျော်မှာ နေရပ်ပြန်သွားပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့