ဖေဖော်ဝါရီလ ၉ ရက် မနေ့က မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်ကို ရဲနဲ့စစ်တပ်က တစ်နေကုန် ပိတ်ဆို့စစ်ဆေးပြီး သံဃာတစ်ပါး အပါအဝင် လူ ၂၀ နီးပါးကို ဖမ်းဆီးခံခဲ့ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဖမ်းခံရသူတွေထဲမှာ ထင်ရှားတဲ့ မန္တလေး မြို့ပြသပိတ်ခေါင်းဆောင်တွေနဲ့ ဆန္ဒပြ လူငယ်တွေ ပါဝင်ပေမယ့် သူတို့ရဲ့ အမည်နဲ့ အသက်အရွယ်ကို အတိအကျ မသိရသေးပါဘူး။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မဟာအောင်မြေမြို့နယ်က စိန်ပန်းရပ်ကွက်ကို မနေ့က တစ်နေကုန် ပိုက်စိပ်တိုက်ရှာဖွေပြီး လူငယ်တွေကို ဖမ်းဆီးသွားတာလို့ မန္တလေးမြို့ သံဃသမဂ္ဂအဖွဲ့က ဦးဆောင်ဆရာတော် အရှင်ရာဇဒမ္မက RFA ကို မိန့်ကြားပါတယ်။
“မနေ့က စိန်ပန်းရပ်ကွက်ထဲကို အင်အားများများနဲ့ ဝင်စစ်တယ်။ ညနေပိုင်းမှ သူတို့ ပြန်သိမ်းသွားတယ်။ မနက်ပိုင်းမှာကိုက စိန်ပန်းထဲမှာ ၁၅ ယောက်လောက် ပါသွား တယ်။ အဲဒီဆက်စပ်တွေဖြစ်မယ်ထင်တယ်။ ညနေပိုင်းမှာ မြေပြင်သပိတ်က ခေါင်းဆောင်ပိုင်း လေးယောက် ပါသွားတယ်ကြားတယ်။ လက်ရှိမှာလည်း မနေ့က စိန်ပန်းထဲမှာလုပ်သလို မြောက်ပြင်မှာလည်း ဒီကနေ့ ပိုက်စိတ်တိုက်ရှာနေတယ်လို့ သိရတယ်"
မနေ့ကညပိုင်းမှာပဲ မန္တလေး လမ်း ၉၀ ၊ ၃၄ နဲ့ ၃၅ လမ်းကြားက သင်္ဂဇာဘုန်းကြီးကျောင်း က ဆရာတော်တစ်ပါးကိုလည်း ဆန္ဒပြရာမှာပါဝင်တယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီး သွားတာဖြစ်ပါတယ်။
အခုလိုဖမ်းဆီးမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဒီကနေ့ ဖုန်းခေါ်ခဲ့ပေမဲ့ လက်ခံဖြေကြားခြင်း မရှိပါဘူး။
မန္တလေးမြို့ခံတွေကတော့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာကျင်းပမယ့် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းနားအတွက် လုံခြုံရေးတင်းကျပ်တဲ့အနေနဲ့ စစ်ကောင်စီဘက်က အခုလို ဆန္ဒပြ လူငယ်တွေကို ပိုက်စိပ်တိုက် ဖမ်းဆီးနေတာလို့ မှတ်ချက်ပေး ပြောဆိုကြပါတယ်။
"ဒီလူတွေ ပါသွားတဲ့အတွက်ကတော့ ဆုံးရှုံးမှုက အကြီးကြီးပဲ။ နည်းနည်းတော့ ကျပ်တည်းလာလို့ ပြည်သူတွေ ပါဝင်ပေးဖို့ တောင်းဆိုချင်တယ်"
မနေ့က အဖမ်းခံလိုက်ရတဲ့ မြို့ပြသပိတ်ခေါင်းဆောင် လေးယောက်ဟာ နဂိုကတည်းက စစ်ကောင်စီဘက်က အလိုရှိနေသူတွေဖြစ်လို့ အသက်အန္တရာယ်ကို စိုးရိမ်မိတယ်လို့ သူတို့က ဆိုပါတယ်။
မြို့ပြသပိတ်ခေါင်းဆောင်တွေ အဖမ်ခံလိုက်ရပေမဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးကတော့ ရပ်ဆိုင်းသွားမှာ မဟုတ်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆန္ဒပြအဖွဲ့မှာ ပါဝင်သူတစ်ယောက်က ပြောပါတယ်။
“တော်လှန်ရေးက ရပ်ဆိုင်းသွားမှာ မဟုတ်ဘူး။ အချိန်ယူပြီး ပြန်လုပ်ကြမှာပါ။ ထွက်မှာပဲ၊ ဒီလူတွေ ပါသွားတဲ့အတွက်ကတော့ ဆုံးရှုံးမှုက အကြီးကြီးပဲ။ နည်း နည်းတော့ ကျပ်တည်းလာလို့ ပြည်သူတွေ ပါဝင်ပေးဖို့ တောင်းဆိုချင်တယ်။ အခုက ပြည်သူပူးပေါင်းပါဝင်မှုက နည်းလာတယ်။ ပြီးတော့ လုံခြုံရေးအိမ် သီးသန့်မရှိတော့ နေရထိုင်ရတာ၊ သွားရလာရတာ အဆင်မပြေတော့ဘူး။ သူတို့ကို ဘာမှမဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်။ တကယ်အရေးကြီးတဲ့သူတွေဆိုတော့ ရင်ထဲကို မကောင်းဘူး"

စစ်ကောင်စီအနေနဲ့ ဘယ်လိုပဲ အကြမ်းဖက်ဖြိုခွဲ ဖမ်းဆီးမှုတွေ လုပ်နေပါစေ လူထုက ဖိလေကြွလေ ဖြစ်မှာပဲလို့ မန္တလေး လူထုသပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာဆန်း က ပြောပါတယ်။
“တစ်နိုင်ငံလုံးက ပြည်သူတွေရဲ့ တော်လှန်စိတ်၊ တော်လှန်သွေး၊ တော်လှန်မာန်ဟာ အပြည့်အဝရှိနေတယ်။ နွေဦးတော်လှန်ရေးဟာ ရှေ့ကိုချီတက်နေတယ်။ ဒါဟာ လွန်ခဲ့တဲ့ နှစ်ပတ်လည်နေ့က တစ်နိုင်ငံလုံး လှည်းနေ လှေအောင်းမကျန် ဆင်နွှဲခဲ့တဲ့ အသံတိတ်သပိတ် တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်ကလည်း ဒါကိုပဲ ဖော်ညွှန်းခဲ့ပြီ။ မြန်မာပြည်သူတွေဟာ ဖိလေကြွလေ ဖြစ်နေပါပြီ။ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ပြည်သူတွေဟာ လက်နက်ကိုင် ခုခံတော်လှန်ရေးတိုက်ပွဲ၊ CDM တိုက်ပွဲနဲ့ ဆန္ဒပြတိုက်ပွဲ စတဲ့ နည်းလမ်းပေါင်းစုံနဲ့ ညီညီညွတ်ညွတ်နဲ့ ရှေ့ကိုသာ ချီတက်နေတာဖြစ်တယ်"
မန္တလေးမြို့ဟာ စစ်တပ်က အာဏာသိမ်းပြီး သုံးရက်အကြာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ဒေါက်တာ တေဇာဆန်း ဦးဆောင်ပြီး အာဏာသိမ်းစစ်ကောင်စီကို ပထမဦးဆုံး လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြခဲ့တဲ့မြို့ဖြစ်ပါတယ်။
မန္တလေးမြို့က သပိတ်တော်လှန်ရေးအင်အားစုတွေကတော့ လူထုသပိတ်တွေဟာ အာဏာရှင်ဆန့်ကျင်ရေးအတွက် အရေးပါထိရောက်တဲ့နည်းလမ်းဖြစ်လို့ ဖမ်းဆီးမှုတွေ ဘယ်လောက်ရှိရှိ မြို့ပြသပိတ်တွေ အမြန်ဆုံး ပြန်စနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ စစ်တပ် က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ အခု ၂၀၂၂ ဖေဖော်ဝါရီ ၉ ရက် နေ့အထိ တစ်နှစ်ကျော်ကာလအတွင်း သေဆုံးသူ ၁၅၄၀ နဲ့ အဖမ်းခံထားရသူ ၉၀၅၆ ယောက် ရှိနေပါပြီ။