စစ်ကောင်စီတိုက်ခိုက်မှု သီပေါမှာ လူ ၁၉ ဦးသေဆုံးကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် ပြောကြား
2024.08.26
စစ်ကောင်စီက လေကြောင်းနဲ့ရော လက်နက်ကြီးနဲ့ပါ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်မှာ တစ်လအတွင်း အရပ်သား ၁၉ ဦး သေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဩဂုတ် ၂၆ ရက်နေ့က သတင်း ထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၁၉ ရက်ကနေ ဩဂုတ် ၁၉ ရက်နေ့အထိ တိုက်ခိုက်ခဲ့တာဖြစ်ပြီး သံဃာ နှစ်ပါး၊ အသက် ၁၈ နှစ်အောက် ကလေးတစ်ဦးအပါအဝင် အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၇ ဦး သေဆုံးခဲ့ပြီး သံဃာ တစ်ပါး ၊ သီလရှင် တစ်ပါး အပါအဝင် ၁၉ ဦးထိခိုက်ဒဏ်ရာရရခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနားက အဆောက်အဦတွေအပါအဝင် နေအိမ်အဆောက်အဦ ၁၁၀ လည်း မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လမှာ ကိုးကန့်တပ်မတော် (MNDAA) က သီပေါ-မိုင်းရယ်လမ်းတစ်လျောက်က ကျေးရွာတွေကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီက ဇူလိုင် ၁၉ ရက်နေ့မှာ ဆောင်ကြဲကျေးရွာကို လေကြောင်းကနေ စတင်ဗုံးကြဲတိုက်ခိုက်တယ်လို့ ဆိုပါတယ်။
အဲဒီနောက် စစ်ကောင်စီနဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ အကြား တိုက်ပွဲပြင်းထန်ပြီးနောက် လေကြောင်းရော လက်နက်ကြီးနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီက သီပေါမြို့ကို သြဂုတ် ၁၁ ရက်နေ့မှာ လေကြောင်းကစတင် တိုက်ခိုက်ပါတယ်။
ဩဂုတ် ၁၆ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီ ခမရ ၅၀၆ တပ်က နမ့်လန်မြို့ ကောင်းလန်းရပ်ကွက်ကို လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် နေအိမ် နှစ်လုံးထိခိုက်ပျက်စီးခဲ့သလို နမ့်လန်မြို့တောင်ဘက် ရှိနားဟိုင်းကျေးရွာကို လေကြောင်းက တိုက်ခိုက်တဲ့အတွက် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေက နောင်ကော်ကြီး၊ ကုံးစုံ၊ မြို့ဟောင်း၊ တုံစန့်၊ နားမခေါ် စတဲ့ သီပေါမြို့နယ်အတွင်းက ကျေးရွာအများအပြားကို တိုက်ခိုက်ခဲ့သလို နားလွယ်နဲ့ ကျောင်းစုကျေးရွာနားမှာရှိတဲ့ တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းအနီးမှာရှိတဲ့ ပိုက်လိုင်းထိန်းချုပ်ရေးစခန်းကို တိုက်ခိုက်ခဲ့တာကြောင့် ကျောင်းစုကျေးရွာမှာ စက်ရုံဆီသိုလှောင်ကန် မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။