မုံးကိုးမြို့နယ်အတွင်း စစ်ကောင်စီနဲ့ KIA၊ MNDAA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်အတွင်း မေလ ၃၁ ရက်နေ့နဲ့ ဇွန်လ ၁ ရက်နေ့တွေမှာ စစ်ကောင်စီနဲ့ ကိုးကန့် လို့ လူသိများတဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA ) ပူးပေါင်းတပ်တွေအကြား နှစ်ရက်ကြာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"စစ်တပ်ဘက်က နယ်မြေရှင်းလင်းရေးဆိုပြီး တောင်ပေါ်တက်သွားတဲ့အချိန် ဖြစ်ကြတာ။ ပထမက တော့ စစ်သားတွေက ရွာတွေမှာ နေ နေတာကနေ တောင်ပေါ်ကို တက်တာပေါ့။ အဲ့ဒီမှာ KIA ကော၊ ကိုးကန့် ကောရှိနေတော့ ဖြစ်ကြတာ၊ လက်နက်ကြီးတွေလည်း ပစ်တဲ့ အသံကို ကြားရတယ်" လို့ ကြူကုတ် ပန်ဆိုင်း မြို့နယ်ခွဲ မုံးပေါ်ကျေးရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

နှစ်ရက်တာတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က မူဆယ် ၁၀၅ မိုင်နဲ့ မုံးပေါ်ကျေးရွာတွေကနေ တိုက်ပွဲဖြစ်တဲ့ နမ့်ခေါင်ကျေးရွာအနီးက တောင်ကုန်းတွေဆီကို လက်နက်ကြီးတွေနဲ့ အကြိမ်ရေ သုံးဆယ်ကျော်အထိ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် ဖုန်းဖြေဆိုတာ မရှိသေးပါဘူး။

ကိုးကန့်တပ်ဖွဲ့ သတင်းပြန်ကြားရေးဌာနကတော့ ကိုးကန့်နဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ တွေရှိတဲ့ မုံးကိုး ခရိုင်အထူးဒေသ (၁ ) တာမိုင်းပေါ်ဒေသ မိုင်းတောင်အနောက်ဘက် တောင်ကုန်း ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ နှစ်ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပူးပေါင်းအဖွဲ့ က တပ်သားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်မှုကိုတော့ မသိရှိ ရသေးဘူးလို့ အဲ့ဒီထုတ်ပြန်ချက်က ဆိုထားပါတယ်။