၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ နဲ့ NLD လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော် အပါအဝင် လေးဦးကို ကွပ်မျက်မယ့်အစီအစဉ်ကို ချက်ချင်းရပ်ဆိုင်းဖို့ စစ်ကောင်စီကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI အပါအဝင် အဖွဲ့ ၁၁၂ ဖွဲ့က ဇွန် ၁၆ ရက်နေ့ မနေ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
အခုလို ကွပ်မျက်ဖို့ စီစဉ်မှုဟာ နိုင်ငံတကာလူ့အခွင့်အရေးအရ ချမှတ်ထားတဲ့ လူ့အသက်ကို မတရားသတ်ဖြတ်ခြင်း တားမြစ်ချက်ကို ချိုးဖောက်ရာရောက်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ တရားရုံးတွေကနေ ဒီလူတွေကို တရားစွဲတာကလည်း လျှို့ဝှက်ပြီး တရားမျှတမှု မရှိဘူးလို့ ဒီအဖွဲ့တွေက ထောက်ပြပါတယ်။
မြန်မာနိုင်ငံမှာ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက် သေဒဏ်ပေးမှုတွေ စိုးရိမ်ဖွယ်ရာ မြင့်တက်လာတာကို တွေ့ရကြောင်း၊ စစ်ကောင်စီဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူလူထုကို ဖိနှိပ်တာတွေ၊ ခြိမ်းခြောက်နှောင့်ယှက်တာတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်လာခဲ့ပြီး သေဒဏ်ကို လက်နက်သဖွယ် အသုံးပြုလာခဲ့ကြောင်း ဒီအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီရဲ့ သေဒဏ်အပြစ် ပေးမှုတွေကို ခြွင်းချက်မရှိ ကန့်ကွက်ကြောင်းနဲ့ စစ်ကောင်စီအနေနဲ့ နိုင်ငံတကာကျင့်ဝတ်တွေကို လေးစားလိုက်နာပြီး လူ့အခွင့်အရေးတွေကို မြှင့်တင်ဖို့တွေအပြင် နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့လည်း ဒီအဖွဲ့တွေက ကြေညာချက်မှာ တောင်းဆိုထားပါတယ်။