ICJ တရားရုံးရှေ့ မြန်မာတွေ ဆန္ဒပြ

ရိုဟင်ဂျာတွေ လူမျိုးတုံး သတ်ဖြတ်ခံရတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ ICJ နိုင်ငံတကာတရားရုံးမှာ ဖေဖော်ဝါရီလ ၂၃ ရက် မနေ့က ဂမ်ဘီယာနိုင်ငံဘက်ကနေ လျှောက်လဲချက်ပေးနေချိန် တရားရုံးရှေ့မှာလည်း နယ်သာလန်ရောက် မြန်မာတွေ ဆန္ဒပြခဲ့ကြပါတယ်။

ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရဖို့နဲ့ မြန်မာနိုင်ငံဘက်က စစ်ကောင်စီကိုယ်စားပြု ကိုယ်စားလှယ်တွေ တက်ရောက်ဖြေရှင်းနေတာကို ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အဲ့ဒီတရားရုံးရှေ့က ဆန္ဒပြပွဲမှာ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းလည်း ပါဝင်ခဲ့ပါတယ်။

"ဒီတရားရုံးမှာ စစ်ကောင်စီရဲ့ ကိုယ်စားပြုမှုကို ကျနော်တို့ လက်မခံနိုင်ပါဘူး။ NUG က ကိုယ်စားပြုရင် အမှန်တရားနဲ့ တရားမျှတမှုဖော်ဆောင်ဖို့ NUG က လုပ်ဆောင်မယ်ဆိုတာ သက်သေပြချင်တာပါ။ အမှန်တရားအတွက် တရားမျှတမှုအတွက် မြန်မာပြည်သူတွေ အားလုံး ဆောင်ရွက်ပေးကြပါ။ ဘယ်သူကျူးလွန်မှ တရားမျှတမှု ဖော်ဆောင်မယ်ဆိုတာ မရှိပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတိုင်းအတွက် ရပ်တည်နေပါတယ်။ ရာဇဝတ်မှုကျူးလွန်သူတိုင်းကို တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပါတယ်"

ICJ ကြားနာပွဲကို တက်ရောက်ခွင့်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်ကောင်စီတို့ အပြိုင်အဆိုင် ကြိုးစားခဲ့ကြပေမယ့် စစ်ကောင်စီဘက်က အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ ရှေ့နေချုပ် ဒေါ်သီတာဦးတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခွင့်ရနေပါတယ်။

ICJ တရားရုံးဥက္ကဋ္ဌ Joan E donoghue ကတော့ စစ်ကောင်စီကို တက်ရောက်ခွင့်ပေးတာဟာ ICJ အနေနဲ့ အစိုးရအဖြစ် အသိအမှတ် ပြုပေးလိုက်တာမဟုတ်ဘဲ နိုင်ငံကိုယ်စားပြုတက်ရောက်ခွင့်ပြုတာလို့ ကြားနာပွဲ ပထမနေ့ မစခင်မှာ ပြောဆိုခဲ့တာပါ။

တရားရုံးရှေ့ ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ နယ်သာလန်ရောက် ဆရာတော်တပါးကတော့ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာတရားရုံးတွေကနေ တရားစီရင်နိုင်အောင် ပြည်ပကနေ တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။

"ဒီစစ်အစိုးရကို နိုင်ငံတကာတရားရုံး အကုန်ရောက်ပြီး ကျူးလွန်ထားတဲ့ ပြစ်မှုတွေအတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေကျအောင် လုပ်သွားပါမယ်၊ မြန်မာပြည်သူ ပြည်သားတွေလည်း တောင့်ခံထားကြပါ၊ ဥူးဇင်းတို့လည်း ပြည်ပကနေ နိုင်ရာကနေ ဆောင်ရွက်နေကြပါတယ်။"

ဆန္ဒပြပွဲမှာပါဝင်သူ နောက်တဦးကတော့ ...

" စစ်ကောင်စီက မြန်မာပြည်သူတွေအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ ရွာတွေကို မီးရှို့မှုတွေ၊ မတရားဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုတွေ အားလုံးအတွက် တရားမျှတမှု ရရှိရမယ်လို့ ကျမ ဒီ ICJ ရုံးရှေ့ကနေ ပြောချင်ပါတယ်။ ကျမတို့ နယ်သာလန်ရောက် မြန်မာတွေကလည်း ပြည်တွင်းက သူတွေနဲ့ အတူ ရပ်တည်နေပါတယ်။ အရေးတော်ပုံ အောင်ရပါမယ်"

မြန်မာနိုင်ငံကို ဂမ်ဘီယာဘက်က စွဲဆိုထားတဲ့ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ ICJ တရားရုံးမှာ လေးရက်ကြာ ကြားနာစစ်ဆေးနေတာပါ။

ပထမဆုံးနေ့ ကြားနာပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု စစ်ကောင်စီ ကိုယ်စားလှယ်တွေဘက်ကနေ ဒီအမှုကို တရားရုံးက လက်ခံစစ်ဆေးဖို့ မသင့်ကြောင်း၊ ဂမ်ဘီယာနိုင်ငံက OIC အစ္စလမ္မစ်နိုင်ငံများအဖွဲ့ရဲ့ ကိုယ်စား မြန်မာနိုင်ငံကို တရားစွဲတာဟာ ဥပဒေအရ ဘောင်မဝင်ဘူးဆိုတဲ့ အချက်တွေကို အဓိကထား လျှောက်လဲခဲ့တာပါ။

မနေ့က ဒုတိယနေ့ ကြားနာပွဲမှာတော့ ဂမ်ဘီယာနိုင်ငံဘက်က လျှောက်လဲခဲ့တာဖြစ်ပြီး သူတို့နိုင်ငံအနေနဲ့ ဘယ်အဖွဲ့အစည်းရဲ့ လက်အောက်ခံမှ မဟုတ်တဲ့အကြောင်း၊ လူမျိုးတုံးသတ် ဖြတ်မှုဆိုင်ရာ ကုလသမဂ္ဂရဲ့ သဘောတူညီချက်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတခုရဲ့ အခွင့်အရေးအရ သူတို့မှာ တရားစွဲခွင့်ရှိကြောင်း၊ မြန်မာနိုင်ငံမှာ တရားမျှတမှု မရှိဘူးဆိုတာ အခုလိုကာလမှာ အထင်ရှားဆုံးဖြစ်ကြောင်း၊ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့သူတွေကို အရေးယူနိုင်အောင် ဒီတရားရုံးကပဲ လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ ဂမ်ဘီယာရှေ့နေချုပ်က ပြောပါတယ်။

မနေ့က တရားရုံးရှေ့ ဆန္ဒပြပွဲမှာ နယ်သာလန်ရောက် မြန်မာ အယောက် ၅၀ ကျော်ပါပါတယ်။ ICJ တရားခွင်မှာ စစ်ကောင်စီကိုယ်စားလှယ်တွေ တက်ရောက်ခွင့်ရတာဟာ စိတ်ပျက်စရာကောင်းပြီး အမှုအတွက် မလိုလားအပ်တဲ့ ကြန့်ကြာမှုတွေ ဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂ ကိုယ်စားလှယ်‌ဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ကြေညာချက်ထုတ်ပြန် ပြောဆိုထားပါတယ်။