နိုင်ငံတစ်ဝန်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် ၇၂၀၀ ကျော် ရှိလာ

2022.03.17
Share on WhatsApp
Share on WhatsApp
နိုင်ငံတစ်ဝန်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် ၇၂၀၀ ကျော် ရှိလာ မီးလောင်ထားသည့် ခင်ဦးမြို့နယ် တမုတ်ရွာကို ၂၀၂၂ ခုနှစ် မတ်လ ၁၆ ရက်နေ့က တွေ့ရစဥ်
Photo: CJ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ အခုနှစ် မတ်လ ၁၅ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ လက်ချက်ကြောင့် မီးရှို့ဖျက်ဆီးခံရတဲ့ လူနေအိမ်ပေါင်း ၇,၂၄၈ လုံးခန့် ရှိလာနေတယ်လို့ စစ်ရေးနဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို သုတေသန ပြုလုပ်နေတဲ့ Data For Myanmar အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းမှာ ၄၄၂၆ လုံး၊ မကွေးတိုင်းမှာ ၁၁၄၈ လုံး၊ ချင်းပြည်နယ်မှာ ၁၁၂၁ လုံး၊ ကယားပြည်နယ်မှာ ၃၅၇ လုံး၊ ရှမ်းပြည်နယ် တောင်ပိုင်းမှာ ၉၃ လုံး၊ မန္တလေးတိုင်းမှာ ၃၈ လုံး၊ တနင်္သာရီတိုင်းမှာ ၂၉ လုံး၊ ပဲခူးတိုင်း အနောက်ဘက်ခြမ်းမှာ ၂၄ လုံး၊ ကရင်နဲ့ ကချင်ပြည်နယ်တွေမှာ ၁၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ နေအိမ်ပေါင်း ၂၈၈၂ လုံးနဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ အများဆုံး မီးရှို့ခံခဲ့ရတဲ့လဖြစ်ခဲ့ပြီး အခု မတ်လမှာလည်း အချိန် ၁၅ ရက်အတွင်း မီးရှို့ခံခဲ့ရတဲ့ အိမ်ပေါင်း ၁၁၂၁ လုံးအထိ ရှိနေတယ်လို့ Data For Myanmar အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့ ဖြစ်စဉ်တွေဟာ နေရာပေါင်း ၂၀၁ နေရာခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မပြည့်စုံတဲ့ အချက်အလက်တွေကို ချန်ထားရလို့ အမှန်တကယ် မီးရှို့ခံရတဲ့ အိမ်အရေ အတွက်က ပိုများနိုင်တယ်လို့လည်း ပါရှိပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာဟာ သူတို့လက်ချက်မဟုတ်ဘဲ PDF အဖွဲ့တွေရဲ့ လက်ချက်သာဖြစ်တယ် လို့ တုံ့ပြန်ထားပါတယ်။

ဒါပေမဲ့ နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ဒေသခံတွေကတော့ အိမ်တွေကို မီးရှို့ဖျက်ဆီး တာက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့တွေရဲ့ လက်ချက်ဖြစ်တယ်လို့ ပြောဆို ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။