မော်လိုက်မြို့က ရွာငါးရွာ မီးရှို့ခံရပြီး အိမ်ခြေတစ်ထောင်နီးပါး ပျက်စီး

စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ်ထဲက ရွာငါးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီးနောက် အိမ်ခြေတစ်ထောင်နီးပါး မီးရှို့ဖျက်ဆီးခံရသလို လူငါးထောင်လောက်လည်း ထွက်ပြေးနေရတယ် လို့ ဒေသခံတွေက ဇွန်လ ၁၃ ရက် ဒီနေ့ ပြောပါတယ်။

ဇွန်လ ၁၀ ရက်နေ့ကနေ ဇွန်လ ၁၂ ရက် မနေ့ကအထိ သုံးရက်အတွင်းမှာ ချင်းတွင်းမြစ် အနာက်ဘက်ကမ်းက မကျီးတန်း၊ ပရောက်၊ ယုဝ၊ တပ်ကုန်းနဲ့ မှော်ကူးရွာတွေက နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"၁၀ ရက်နေ့ကစပြီး စစ်ကြောင်းထိုးတာ၊ ရွာတွေကို တစ်ရွာဝင် တစ်ရွာထွက် မီးရှို့ပြီးတော့ ဖျက်ဆီးတယ်။ အိမ်ခြေတစ်ထောင်နီးပါးတော့ ရှိတယ် ပျက်စီးတာ။ ကျနော်တို့ ယောက်ျား လေးတွေတော့ အကုန်ထွက်ပြေးနေရတယ်။ အမျိုးသမီးတွေကတော့ အနီအနားက ရွာတွေကို ထွက်ပြေးတိမ်းရှောင်နေတယ်”

စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခံရတဲ့ ရွာတွေက ဒေသခံတွေဟာ ချင်းတွင်းမြစ် အရှေ့ဘက် ကမ်းက နီးစပ်ရာရွာတွေကို ထွက်ပြေးနေရပြီး စားဝတ်နေရေးနဲ့ ဆေးဝါးပစ္စည်းတွေ လိုအပ်နေ တဲ့အပြင် အမိုးအကာတွေ လုံလောက်မှု မရှိဘူးလို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ် ပွားပြီးနောက် စစ်ကောင်စီတပ်က ရွာတွေကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးပါဘူး။ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့တာဟာ သူတို့ လက်ချက်မဟုတ်ဘဲ PDF အဖွဲ့တွေရဲ့ လက်ချက်သာ ဖြစ်တယ်လို့ ယခင်က တုံ့ပြန်ပြောဆိုထားပါတယ်။

အာဏာသိမ်းတစ်နှစ်ကျော်ကာလ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ မေလ ၃၁ ရက်နေ့ထိ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့မှုတွေကြောင့် နိုင်ငံတစ်ဝန်းမှာ ပျက်စီးသွားတဲ့ အိမ်ပေါင်း ၁၈,၈၈၆ လုံး ရှိတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar အဖွဲ့က ဇွန်လ ၆ ရက်နေ့က သတင်း ထုတ်ပြန်ထားပါတယ်။ အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး မီးရှို့ဖျက်ဆီးခံရတဲ့နေအိမ် ၁၃,၈၄၀ လုံးထိ ရှိပါတယ်။