ဝက်လက်မှာ လက်ပြန်ကြိုးနဲ့ မီးရှို့ခံထားရသူ ခြောက်ဦး အလောင်းတွေ့
2022.02.04
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီးကျေးရွာမှာ လက်ပြန်ကြိုးတုပ်ပြီး မီးရှို့ ခံထားရတဲ့ ဒေသခံ ခြောက်ဦးရဲ့ ရုပ်အလောင်းတွေ တွေ့ရှိရတယ်လို့ ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီနေ့ထုတ်ပြန်ပါတယ်။
သတ်ဖြတ်ခံရသူ ခြောက်ဦးဟာ အမျိုးသားတွေဖြစ်တယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အသတ်ခံရတဲ့သူတွေက အကုန်အမျိုးသားတွေချည်းပဲ။ လက်ပြန်ကြိုးတုပ်ပြီး မီးရှို့ ခဲ့တာ။ တချို့တွေကို ပေါင်မှာ သံတွေရိုက်ထားတယ်။ လက်ပြန်ကြိုးတုပ်ထားရင်း မီးရှို့တော့ ထွက်ပြေးတယ်ထင်ပါတယ်ဗျာ အလောင်းတွေက ကုန်းကုန်းကြီးတွေ ဖြစ်နေတယ်"
သတ်ဖြတ်ခံရသူတွေဟာ အသက် ၁၇ နှစ်ကနေ ၅၀ အရွယ်ကြား မောင်သူရထွန်း၊ မောင်ကိုကိုလင်းမောင်၊ ကိုမင်းမင်းထွန်း၊ ကိုမြင့်အောင်၊ ကိုသဲထွန်းအောင်နဲ့ ဦးဇော်မင်းထွန်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလ ၂၉ ရက်နေ့ မနက် ၁ နာရီလောက်က အင်အား ၄၀ ခန့်ရှိတဲ့ စစ်ကောင်စီ တပ်သားတွေဟာ သစ်ဆိမ့်ကြီးကျေးရွာကို ရေကြောင်းကနေတဆင့် ရောက်ရှိလာပြီးနောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး ရွာထဲမှာ တပ်စွဲထားခဲ့ကြတာလို့ ဝက်လက် မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်တပ်ဝင်ရောက်လာချိန် ရွာသားတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပေမဲ့ အခုသတ်ဖြတ်ခံရသူ ခြောက်ဦးကိုတော့ စစ်တပ်က ဖမ်းဆီးထားခဲ့တာလို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
သစ်ဆိမ့်ကြီးရွာဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာ မတွေ့ ရသေးပါဘူး။ လူခြောက်ဦး သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
သစ်ဆိမ့်ကြီးကျေးရွာမှာ ဇန်နဝါရီလ ၃၀ ရက်နေ့က ဝက်လက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။